၁၉၉၁-၁၉၉၄ ဘူမိဗေဒသူငယ်ချင်းများ၏ စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ၂၀၁၂ ဇန်န၀ါရီလကုန်တွင် ကျင်းပမည်။ ...........

Tuesday 4 November 2008

ကိုအောင်မိုး

Ko James ရေ….
ခင်ဗျားလည်း ဆီမီနာတွေ၊ ၂၀၀၉ အတွက်အစီအစဉ်သစ်တွေနဲ့ အလုပ်တွေများ နေပါရောလား။
စာကောင်းလေးတွေတွေ့ထားရင် ပြောစမ်းပါဗျာဆိုပြီး သတိပေးထားတဲ့ အစ်ကို့အတွက် ဆောင်းပါးတစ်ပုဒ်ကို ညွှန်းချင်ပါတယ်ဗျာ။
ပြီးခဲ့တဲ့ တနလာင်္နေ့တုန်းက ဦးစိန်ဝင်းရဲ့ ဆောင်းပါးတစ်ပုဒ်ကို ကျွန်တော် ဖတ်လိုက်ရတယ်။
ကောင်းလွန်တယ်ဗျာ။ စိတ်ထဲမှာ ပေါ့ပါးသွားသလို ခံစားမိတယ်။
တစ်ဆက်တည်းမှာပဲ အခုတလော မြင်နေတွေ့နေရတဲ့ ဆောင်းပါးတွေထဲမှာ မောင်စူးစမ်းရဲ့ ဆောင်းပါးတစ်ချို့ရယ်၊ ဦးစိန်ဝင်းရဲ့ဆောင်းပါးတစ်ချို့ရယ်၊ ကျော်စောမင်း(ကြည်မင်း)ရဲ့ ဆောင်းပါးတစ်ချို့ရယ်တွေက အရမ်းကို သက်ရောက်မှု ရှိလွန်းနေတာ သတိထားမိတယ်ဗျ။
သူတို့တွေရဲ့အဆိုကို ကျွန်တော့်အနေနဲ့လည်း စောဒဂတက်ကန့်ကွက်စရာမရှိအောင်
စိမ့်ဝင်ကူးယူ ခံစားမိတာလည်း ဖြစ်ကောင်းဖြစ်လိမ့်မယ် ထင်ပါတယ်။
ဒီလိုဗျာ။ ဦးစိန်ဝင်းဆောင်းပါးက "သူတို့ပြန်လာကြမှာပါ"တဲ့။ ဆောင်းပါးကိုတွဲတင်ပေးပါမယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အငြင်းအခုန်အတော်များများကို ကျွန်တော်လုပ်ခဲ့ဖူးတယ်ဗျ။
သွားနေတဲ့လူတွေ သိပ်များတယ်။ သူတို့ဆီက ကျွန်တော်တို့ ဘာတွေအကျိုးပြုနိုင်မလဲ ဆိုတာတွေ။
ဆရာကတော့ ယုံကြည်ချက်အပြည့်နဲ့ ပြောထားပုံရပါတယ်။
ကျွန်တော်ကတော့ ရာခိုင်နှုန်းပြည့်ယုံကြည်ပေးဖို့ရာ ခက်ခဲနေပါတယ်။
-----------------------------
ကြား၊သိ နေရာတာတွေကြောင့်ပဲ ဆိုပါတော့ဗျာ။ အစ်ကိုလည်း သိမှာပေါ့လေ။ ဒီလိုပြောလို့ နိုင်ငံခြားရောက်နေတဲ့သူတိုင်း ဒီစိတ်တွေရှိနေကြတယ်လို့ ပြောတာတော့ မဟုတ်ပါဘူး။ တစ်ချို့တလေ(အတော်တောင်များလာပြီလိုဆိုရမယ်။) အတွက်ပေါ့ဗျာ။ တစ်ချို့တွေများဆို အပြင်ကနေပြီး အတွင်းမှာရှိနေတဲ့လူတွေကို ပျင်းလိုက်တာ၊ ဖျင်းလိုက်တာ၊ အဆင့်မရှိလိုက်တာ၊ ဒီလောက်လေးတောင် မတတ်ဘူးလား၊ မသိဘူးလား၊ တစ်ကယ်တုံးတဲ့ ကောင်တွေပဲ၊ စလို့ စလို့ ပေါ့လေ၊ ခိုင်းနှိုင်းပြောဆိုလာတာတွေ ရှိလာတာကိုတော့ လက်သင့်ခံစရာ မရှိပါဘူး။
ဒါကြောင့်ပဲ ဦးစိန်ဝင်းကိုယ်တိုင်က"နိုင်ငံရပ်ခြားရောက် ပြည်တွင်းဖြစ်ကိုရွှေဗမာများသို့"ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးတာ တွေ့ရတယ်လေ။ အခုလိုပြောနေလို့ မင်းက ဘာကောင်မို့ ဒီလို ပြောသလဲဆိုတာတွေ ပြောကြမယ်။ အဆုံးဗျာ၊ ဆဲရေးတိုင်းထွာကြမယ်။ ရှိပါစေတော့။ မကြာသေးခင်က ရှရွတ်ခန်းပါတဲ့ My Country ဆိုတဲ့ဇာတ်ကားလေး ကြည့်ဖြစ်တယ်ဗျ။ သာမန်ဇာတ်လမ်းကလေး တစ်ခုဖြစ်ပေမယ့် အဲဒီကားထဲက ဇာတ်ကောင် ရှရွတ်ခန်ရဲ့ သူ့တိုင်းပြည်အပေါ်မှာ ထားတဲ့ စိတ်ကလေး ကျွန်တော်တို့လူငယ်တွေအားလုံးမှာ ရှိနေကြရင်ဖြင့် ဘယ်လောက်ကောင်းလိုက်မလဲလို့တွေးမိတယ်။ အတ္တကိုတော့ အရောင်တင်ခဲ့ကြတာ ပါပဲဗျာ။ အရောင်တင်တဲ့အတ္တတွေက တန်ဖိုးတစ်ခုထွက်လာဖို့ လိုအပ်တယ်ဆိုတာပါ။ ခေတ်ကြောင့်ပါမယ်။ စနစ်ကြောင့်ပါမယ်။ ဒီကျောက်တုံးကို တွန်းလို့မရသေးရင် အောက်ပြန်မလိမ့်အောင် ဘယ်လိုလုပ်ကြမလဲ။ လုပ်လို့မရဘူးဆိုတာ မရှိဘူး။ ထိရောက်ပြီး အမှန်တကယ် အကျိုးသက်ရောက်မှု ရှိတဲ့အရာတွေ မလုပ်နိုင်ကြသေးတာပဲ။ကိုယ်ဘာလုပ်နိုင်မလဲ၊ ဘာလုပ်ပေးလို့ရမလဲ၊ လုပ်နိုင်သလောက် လုပ်ပေးကြဖို့သာ အရေးကြီးတယ်။
အစ်ကိုရေ၊ ပြည်တွင်းမှာတင် နိုင်ငံခြားသွားလို့ရပေမယ့် မသွားပဲ၊ ကျားကုတ်ကျားခဲ ရုန်းကန်လှုပ်ရှား နေတဲ့ လူငယ်တွေကို အားပေးသင့်တယ်၊ အပြစ်မမြင်သင့်ဘူး၊ လိုတာတွေကို ၀ိုင်းကူပေးရမယ်လို့ ကျွန်တော်ပြောခဲ့တုန်းက အစ်ကိုတောင် ပြုံးနေခဲ့သေးတယ် မဟုတ်လား။ ဒါပါပဲဗျာ။ "လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူ ဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ" ဗန်းမော်တင်အောင် ပြောခဲ့ဖူးတဲ့စကားလေး တစ်ခွန်းပါအစ်ကိုရေ။
အစ်ကိုရော ဘာတွေလုပ်နေသလဲ၊ ကျွန်တော်ရော ဘာတွေလုပ်နေသလဲ၊ သူတို့တွေရော ဘာတွေလုပ်နေသလဲ။ ပြိုင်တူတွန်းရင် ရွေ့တယ်ဆိုတဲ့ စကားအရဆို ကျွန်တော်တို့တွေဟာ ပြိုင်တူတွန်းနိုင်စွမ်း မရှိသေးဘူးလို့ပဲ ၀န်ခံရမှာပါခင်ဗျာ။ ကျွန်တော်လည်း ညံ့ဖျင်းနေဆဲပါပဲ အစ်ကို။

သူတို့ပြန်လာကြမှာပါ
ရေးသူ- လူထုစိန်ဝင်း
'ဘရိန်းဒရိန်း'လို့ လူတိုင်းပြောဆိုနေကြတဲ့ 'ဦးနှောက်ယိုစီးမှု"ကိစ္စနဲ့ပတ်သက်ပြီး ဂျာနယ်တစ်စောင်က လူငယ်လေးတစ်ဦးရောက်လာပြီး ဆွေးနွေးမေးမြန်းပါတယ်။ ဒီနှစ် နှစ်၊သုံးနှစ်အတွင်း ပန်းဆိုးတန်းပတ်စပို့ ရုံးရှေ့မှာ နေ့စဉ်နေ့တိုင်း လူတွေစည်ကား နေတာကိုမြင်ပြီး စိတ်ပူပုံရပါတယ်။
စိတ်ပူလို့ တရုတ်နိုင်ငံက တံခါးဖွင့်ဝါဒကျင့်သုံးလိုက်တဲ့အခါမှာ အဲဒီခေတ်မတိုင်မီက နိုင်ငံခြားထွက်သွား ခဲ့ကြတဲ့ တရုတ်လူမျိုးပညာတတ်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တစ်ဖွဲဖွဲနဲ့ ပြန်ရောက်လာကြသလို၊ မြန်မာတွေ ပြန်လာကြပါ့မလားလို့လည်း သူက မေးပါတယ်။
ဒါအပြင် သူကသူ့ပတ်ဝန်းကျင်ကသွားသမျ လူငယ်အများစုဟာ ပြန်မလာကြ တော့ဘူးလို့လည်း ပြောပြီး အပြစ်တင်ပါတယ်။ မျိုးချစ်စိတ်ရှိတဲ့ ဒီလူငယ်ရဲ့ ခံစားချက်ကို ကောင်းကောင်းနားလည်ပါတယ်။ ကိုယ်တိုင် ၁၉၈၀ ပြည့်နှစ်လောက်က အင်္ဂလိပ်စကားပြော သင်တန်းလေးတစ်ခု စတင်ဖွင့်လှစ်ပြီး နှစ်ပေါင်း နှစ်ဆယ်ကျော်၊ အစိတ်နီးပါး သင်ကြားပေးခဲ့လေတော့ ဒီအကြောင်းကို ကောင်းကောင်းကြီးသိပါတယ်။ သင်တန်းလာ တက်ကြသူအားလုံးဟာ လူငယ် ပညာတတ်ကလေးတွေ ချည့်ပါ။ ဆရာဝန်နဲ့ဆေးကျောင်းသူ၊ ကျောင်းသားတွေ၊ အင်ဂျင်နီယာနဲ့ စက်မှုတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေက အများစုဖြစ်တယ်။ အားလုံးရဲ့ ရည်ရွယ်ချက်က တစ်နည်းနည်းနဲ့ နိုင်ငံခြားကိုထွက်ကြဖို့ဖြစ်တယ်။
ဟုမ်းဆွိဟုမ်း
အဲဒီအချိန်က အခုလို မလေးရှားတို့၊ စင်ကာပူတို့ ခေတ်မစားသေးဘူး။ ဂျပန်၊ အမေရိကန်နဲ့ထိုင်ဝမ်တို့ ခေတ်စားတဲ့အချိန်။ ခုလောက်လည်း ပတ်စပို့တို့ ဗီဇာတို့ ရဖို့မလွယ်တာတောင်၊ တစ်လ ကို သုံး၊ လေးခေါက်တော့ တပည့်တွေလိုက်ပို့ဖို့ လေဆိပ်ကို ရောက်နေရတယ်။ အဲဒီအချိန်က ကိုယ်တိုင်လည်း စိတ်ပူခဲ့တာပေါ့။
ဒါကြောင့် သင်တန်းမှာ There is no Place like home. Home Sweet Home အစချီတဲ့ကဗျာလေးကို အမြဲသင်ပေးပြီး ထွက်သွားတဲ့ ကျောင်းသူ၊ကျောင်းသားတိုင်း ကိုလည်း Home Sweet Home လို့ စာတန်းထိုးထားတဲ့ ကောက်ရိုး ပန်းချီကားချပ်လေးတွေ အမှတ်တရလက်ဆောင်ထည့် ပေးလေ့ရှိတယ်။
ဘရိန်းဒရိုင်းတောင်ဖြစ်နိုင်
သူများတွေက 'ဘရိန်းဒရိန်း' Brain Drain လို့ပဲပြောကြတာ။ကိုယ်ကဖြင့် ဒါထက်တောင်မက 'ဘရိန်းဒရိုင်း' Brain Dry ဦးနှောက်ခြောက်ခန်းမှု ဖြစ်မှာတောင် စိုးရိမ်တဲ့အကြောင်း သုံးလေးကြိမ်မက ရေးဖူးသေးတယ်။ အခုတလောတော့ အဲဒီဂျာနယ်က လူငယ်သာမက ရန်ကုန်က လုပ်ငန်းရှင်တပည့်ဟောင်းတွေ ရောက်လာတဲ့ အခါမှာလည်း အလုပ်သမားရှားပါးမှု အကြောင်း ပြောရာကနေပြီး နောက်ဆုံး အဲဒီ'ဘရိန်းဒရိန်း'အကြောင်း ရောက်သွားလေ့ရှိတယ်။ ကိုယ့်ရပ်၊ ကိုယ့်ရွာအညာက ဆွေမျိုးမိတ်သင်္ဂဟတွေလာကြတဲ့ အခါမှာလည်း လယ်ယာလုပ်သား ရှားပါးတဲ့ကိစ္စပြောရင်းက အဲဒီ 'ဘရိန်းဒရိန်း'ရောက်သွားပြန်တာပဲ။ ဒါပေမယ့် ဂျာနယ်သမား လူငယ်စိတ်ပူသလို 'သူတို့ပြန်လာကြပါ့မလား'လို့တော့ ကိုယ်က စိတ်မပူဘူး။ တစ်နေ့နေ့မှာသူတို့ ပြန်လာကြမှာပါလို့ စိတ်ချလက်ချ ယုံကြည်တယ်။
ပဋိရူပဒေသ
ဖြစ်စေချင်တဲ့ ဆန္ဒစွဲ wishful kinking နဲ့ပြောတာမဟုတ်ပါဘူး။ နှစ်ပေါင်းနှစ်ဆယ်အစိတ်နိုင်ငံခြား ထွက်ချင်တဲ့ ထွက်ကြတဲ့ လူငယ်၊လုံမငယ်တွေနဲ့ လက်ပွန်းတတီး နေလာခဲ့တဲ့အတွေ့အကြုံကြောင့် ပြောတာဖြစ်တယ်။ ဒီနေ့အထိလည်း သူတို့တတွေနဲ့ ဖုန်းနဲ့၊အီးမေးနဲ့၊လူကြုံနဲ့ အဆက်အသွယ်မပြတ် ရှိနေတာကြောင့် နိုင်ငံခြားရောက်သူတို့ဘ၀၊ သူတို့စိတ်ဓာတ်တွေကို ကောင်းကောင်းကြီးသိနေပါတယ်။ မြန်မာလူမျိုး ၁၀၀ မှာ ၉၀ လောက်ဟာ ဘယ်နိုင်ငံကိုပဲ ရောက်နေရောက်နေ မြန်မာစိတ်ဓာတ်မပျောက်ဘူးဆိုတာ ပြောရဲတယ်။ ဘာကြောင့်လဲဆိုတော့ There is no Place like home, home Sweet home ဆိုတဲ့အတိုင်း မြန်မာ ပြည်လောက် နေချင်စရာကောင်းတဲ့နေရာ (ပဋိရူပဒေသ) ကမ္ဘာပေါ်မှာ ဘယ်မှမရှိဘူးဆိုတာ သူတို့အား လုံးသိနေကြလို့ပါပဲ။ တပည့်တော်တော်များများကတော့ သူတို့ ရောက်နေတဲ့နိုင်ငံများဟာ မြန်မာ နိုင်ငံနဲ့ယှဉ်လိုက်ရင် 'ပစ္စန္တရာဇ်' အရပ်တွေပါပဲလို့တောင် လွမ်းဆွတ်တသစွာနဲ့ ပြောကြတယ်။
ငတ်လို့ထွက်တာမဟုတ်ဘူး
နိုင်ငံခြားသွားပြီး အလုပ်လုပ်ကြတဲ့ တခြားအာရှနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသားတွေ မတူတာ တစ်ချက်လည်းရှိသေးတယ်။ တခြား နိုင်ငံသားတွေက အများအားဖြင့် ပညာမတတ်တဲ့လူတွေ၊ နေရင်းနိုင်ငံမှာ 'ပါးရှား'လွန်းလို့ ထွက်သွားကြတာ။ မြန်မာနိုင်ငံကထွက်ကြသူ အများစုက အနည်းဆုံး ၁၀ တန်း ပညာလောက်တော့ တတ်ထားကြသူတွေဖြစ်တယ်။ ပြီးတော့ 'ငတ်လို့'ထွက်ကြတာမဟုတ်ဘူး။ မြန်မာပြည်မှာ စားနိုင်သောက်နိုင်ရုံတော့ ဘယ်သူမဆိုရှာနိုင်ကြတယ်။ ကျောင်းသားလူငယ်တွေနဲ့ လက် ပွန်းတတီး အရှိဆုံးသူတစ်ယောက်အနေနဲ့ ပြောရရင် အကြောင်းနှစ်ခုနဲ့ သူတို့ထွက်ချင်ကြတာဖြစ်တယ်။ ပညာသင်ချင်လို့ ဆိုတဲ့အကြောင်းနဲ့ မိဘတွေကို ကောင်းကောင်း ကျေးဇူးဆပ်ချင်လို့ ဆိုတဲ့အကြောင်း ဖြစ်တယ်။ အဲဒါကြောင့် လူငယ်တွေကို အပြစ်မတင်ချင်တာ ဖြစ်တယ်။ ပညာသင်ချင်တာနဲ့ မိဘကျေးဇူး ဆပ်ချင်တာဟာ မွန်မြတ်တဲ့စိတ်ဓာတ် မဟုတ်ဘူးလား။
မပူနဲ့စိတ်ချနေ
ဂျာနယ်တိုက်က လူငယ်လေးကိုလည်း ပြောလိုက်ပါတယ်။ ဘာမှစိတ်မပူနဲ့၊ သူတို့ပြန်လာကြမှာပါလို့။ နိုင်ငံခြားထွက်တဲ့ လူငယ်အများစုက ပညာသင်ချင်လို့၊ မိဘလုပ်ကျွေးချင်လို့ ထွက်ကြတာပဲ။ တစ်နေ့မှာ သူတို့ 'အမေ့အိမ်'ကို အ သေအချာ ပြန်လာကြမှာပါ။ မယုံမရှိပါနဲ့။သံသယဖြစ်ရင် ခုလောလောဆယ်ကို သူများနိုင်ငံတွေပေးတဲ့လုပ်ခမျိုး၊ တစ်နာရီကို (၇) ဒေါ်လာ၊ (၈)ဒေါ်လာပေးပြီး ခိုင်းကြည့်ပါလား။ 'ကဆုန်စိုင်း' ပြန်ပြေးလာကြမှာသေချာပါတယ်။
တကယ်ပါ။ မပူပါနဲ့။ တစ်နေ့သူတို့ပြန်လာကြမှာပါ။ ။
(ရည်ညွှန်း- Weekly Eleven News Journal No.4,Vol.3)
====
ပြန်လာမှာပါ....... တစ်နေ့နေ့တော့ ပြန်လာကြမှာပါ.....
အထင်သေးတတ်တဲ့သူတွေကတော့ နေရာတကာမှာ ရှိနေပါတယ် .......
လူဆိုတာကတော့ ကိုယ့်အရည်အချင်းကို အသိအမှတ်ပြုခံရတဲ့ နေရာမှာ ပိုပျော်တတ်တာ သဘာဝပါပဲ …။
ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေး အဆင့်အတန်းကို လှောင်ပြောင်ကြတဲ့သူတွေလည်း ဒီမှာ အများကြီးပါ …၊ ဒါပေမယ့် … ကျောင်းမှာ လေး၊ငါးနှစ် စာအုပ်ထူထူကြီးတွေကို ကျက်ခဲ့ရတဲ့ သူတွေအတွက် internet ကောင်းကောင်းရှိရုံနဲ့ ဒီက အလုပ်တွေနဲ့ ပတ်သက်တာတွေကို ခဏလေး adapt လုပ်နိုင်ပါတယ် … ပညာရေးဆိုတာကို ကျောင်းမှာသင်ပေးတာ တစ်ခုတည်းလို့ ထင်နေကြတဲ့ သူတွေကတော့ … မြန်မာပြည်မှာ … လူတော်တွေ ဘယ်လောက်များလည်း မသိသေးလို့ပါ …။
တောကျောင်းဆရာ အနေနဲ့လည်း … အပြင်ရောက်နေတဲ့ သူတွေကို သွားလေသူကြီးတွေ … ပြန်မလာတော့ဘူးလို့ မထင်လိုက်ပါနဲ့ … အများစုက ငွေ၊ပညာ၊အောင်မြင်မှုတွေ လာရှာတာပါ … အပြီးနေမယ်လို့ ပြောတဲ့သူတွေ သူငယ်ချင်းတွေထဲမှာတော့ တစ်ယောက်မှ မရှိသေးဘူး …။
အချိန်တန်ရင် အိမ်ပြန်လာမှာပါ ….။ ဘာအတွက်မှန်းမသိတဲ့ အခွန်တွေ တနင့်တပိုးဆောင်နေရတာတောင် မြန်မာပြည်ပြန်ချင်လို့ Citizen မခံတဲ့သူတွေ … Singapore မှာတော့ အများကြီးပါ … ။
ဆရာစိန်ဝင်းရဲ့ ခံစားချက်ကိုလည်း နားလည်ပါတယ် …။
ဆရာကောင်းတစ်ယောက် ပီသတဲ့ ယုံကြည်မှုလို့မြင်မိပါတယ် …။
ဆရာရေ … နိုင်ငံထဲမှာလည်း လူတော်တွေ ထင်တာထက် များနေပါသေးတယ် …။
အပြင်ရောက်နေတဲ့သူတွေ တစ်လတစ်လပို့နေတဲ့ Dollars တွေကို စုပြီးတွက်လိုက်ရင် … brain drain ဖိုးကျေလောက်ပါတယ် … ။ အပြင်ရောက်နေတဲ့ Technicians တွေကြောင့် ပြည်းတွင်းက Technicians တွေလည်း အများကြီး အထောက်အကူ ရပါတယ် … ။ ဒါတွေကို ပြန်မကြည့်ရင်တော့ Brain Drain … ပဲ အော်နေရတော့မှာပေါ့ ..
India ကခေါင်းဆောင် တစ်ယောက်ပြောတာ ကြားဖူးတယ် … Brain drain is better than Brain in the drain… တဲ့..
ကျွန်တော်တောင် အခုတစ်လော လတိုင်း ထီထိုးနေတယ် … ၂.၂ သန်းဆုပေါက်တာ နဲ့ ..နောက်နေ့ပြန်လာခဲ့မယ် … ပြီးတော့ … GTC တစ်ခုခုမှာ … ဒါမှမဟုတ် … University of Computer Science မှာ … Lecturer လုပ်မယ် …
Internet connection မကောင်း၊ခြင်ကိုက်ပြီး၊မီးပြတ်ပေမယ့် … မြန်မာပြည်ဟာ ကျွန်တော်တို့ ရဲ့အိမ်ပါ … ။ Home-sick ဆိုတဲ့ခြင်တစ်မျိုးက အပြင်ရောက်နေသူတိုင်းကို ကိုက်ခဲနေတာပါ …. နေ့တိုင်းပါပဲ … ဒီကမြန်မာတွေကတော့ … အဆင်ပြေတဲ့နေ့မှာ … အိမ်ပြန်ဖို့ အမြဲ အသင့်ဖြစ်နေတာပါ …. ။
ကျွန်တော်တို့ ပြန်လာမှာပါ …..
သိပ်ကို သေချာတာပေါ့ ဆရာ … ။ ။

1 comment:

Anonymous said...

ကောင်းတယ်ဗျာ။ ခင်ဗျားရေးတာ။ ဆရာကြီး လူထုစိန်ဝင်းဆောင်းပါးကတော့ အတိုင်းထက်အလွန်ပေါ့။ ဒါပေမယ့် ခုတလော မောင်စူးစမ်းတစ်ယောက် ပေါက်ကရတွေလုပ်နေတယ်။ အဲဒါ တွေများကြိုက်မိ နေသေးလား။