၁၉၉၁-၁၉၉၄ ဘူမိဗေဒသူငယ်ချင်းများ၏ စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ၂၀၁၂ ဇန်န၀ါရီလကုန်တွင် ကျင်းပမည်။ ...........

Wednesday 13 February 2008

အတိတ်တခုလုံး အသုံးချနည်း


အတိတ်တခုလုံး အသုံးချ နည်း
အတိတ်တခုလုံး အသုံးချ နည်း

အခု..ယခု... ပစ္စပ္ပုန် ကို ရှု တဲ့...

ဒါပေမဲ့...
အတိတ်တွေက.. စွဲဆောင်မူ အပြည့် ရှိတယ်..

ခြေရာ တွေက ..နှမြောစရာ ကောင်းလှ တယ်..
အရိပ်တွေ ကတော့.. ကြောက်စရာ ကောင်းပြန် တယ်..

နောက်ပြီး...
ဒိုင်ယာရီ ဟောင်းတွေက.. ရီစရာ လည်း ကောင်း..ပျော်စရာ လည်း ကောင်းတယ်..

အဲဒီ စာရွက်တွေ ပေါ်မှာ..သူများ ကို ရက်စက် ဘူးတယ်...
ငါ ကိုယ် တိုင် လည်း.. အရှက်ကွဲဘူးတယ်..
အားလုံး ကတော့.. ကလေး တွေ ပါပဲ။

ဒါ့အပြင်...
အတိတ်တွေက.. ဆေးဖက်လည်း ၀င်တယ်..
ကျိုးပဲ့ ခဲ့တဲ့ ဒဏ်ရာ တွေ ကြပ်စည်း တဲ့ အခါ..

အတိတ် တွေက.. cosmetics လည်း ဖြစ်တယ်..
ရင့်ရော် နေတဲ့ ဘ၀ တွေ ကို ပေါင်းတင်တဲ့ အခါ..

အတိတ်တွေက.. Gymnastics လည်း ဖြစ်ပြန်...
အပြင်းအထန် လေ့ကျင့် ရင်.. အောင်မြင်မူ တွေ အချိုးကျ ပြေပြစ် မယ်တဲ့...

ဒါတင်ဘယ်က မလဲ..
တခါတရံ.. အိပ်ချင် ပြေ တဲ့...ဆီးထုပ် လို လည်း မြုံ့လို့ကောင်းတယ်...

အနဲဆုံးတော့..ရေးဖွဲ့စရာ.. စာတပုဒ် စီ.. ရှိနေ ကြမယ်..။
အတိတ်ကို မေ့မထားချင်ဘူးဆိုရင်ပေါ့
အတိတ်ကို မေ့မထားချင်ဘူးဆိုရင်ပေါ့



( ၁၉၉၁-၁၉၉၄ ရန်ကုန်တက္ကသိုလ် မှာ ခင်မင် သိကျွမ်းခဲ့ ရသော မိတ်ဆွေ သူငယ်ချင်း များ အတွက်... St.Valentine Dayအမှတ်တရ)

အကုန်လုံးဖတ်မယ်.....

Tuesday 12 February 2008

ဘူတာရုံမှာ ရင်ခုန်စရာ

ပူချွန်ပြောင်


တစ်ခါတစ်ခါ ငယ်ငယ်ကအကြောင်းတွေ ပြန်ပြောင်းပြောရတာ ရင်ခုန်စရာ၊ ဘာရယ်မဟုတ်ပါဘူး၊ သူငယ်ချင်းတွေက post တွေတင်နေတာ မြင်တော့ ပူချွန်ပြောင်လည်း ငယ်ခြေငယ်လက်တွေက သွေးပူလာတယ်။

……………………………………………………

နောက်ဆုံးနှစ် စာမေးပွဲဖြေပြီး ဘူမိဗေဒရဲ့ထုံးစံအတိုင်း ကွင်းဆင်း ကြရမယ့် အချိန်၊ ဘယ်လောက်များ သနားစရာကောင်းလဲ၊ သူများတွေ စာမေးပွဲပြီးလို့ အငြိမ့်သား နှပ်နေချိန်မှာ လော်ပန်လောင်းလေးတွေ (အဲဒီ သီချင်းက အဲဒီ အချိန်တုန်းက တော်တော်ဆိုလို့ကောင်းတာ။ ဟဲ…ဟဲ…..) ခင်ဗျာမှာတော့ ကိုယ်ဆန်အိတ် ကိုယ်ထမ်း၊ ငါးခြောက်ငါးခြမ်းတွေဝယ်၊ ရိက္ခာစုဆောင်းပြီး ကွင်းဆင်းဖို့ ပြင်ဆင်ကြရတာ။ အားလုံး ရယ်ဒီ လည်းဖြစ် ကွင်းဆင်းရမယ့် နေ့ဆိုရင် ရန်ကုန်ဘူတာကြီးကို ချီတက်ကြရပါတယ်။ ကျွန်တော်တို့တုန်း ကတော့ ရှမ်းပြည်နယ်ကို အများဆုံး ကွင်းဆင်းရတာဆိုတော့ ရထားနဲ့ ချီတက်ရတယ်လေ။ ရထား ဆိုတော့လည်း နာမည်ကြီး ရှမ်းရထား။


ကျွန်တော်တို့ စိတ်ထဲ အော်…ဒါငါတို့ နောက်ဆုံးနှစ်ကွင်းဆင်းရမှာ ပြီးရင် တစ်ယောက် တစ်နေရာဆီ ရောက်ကြရတော့မှာဆိုပြီး ၀မ်းနည်းသလိုလို ဘာလိုပေါ့လေ။ မန္တလေးဆောင် ကနေ ရိက္ခာထုတ်တွေတင်ဖို့ ကားတစ်စင်း ငှား၊ ဘူတာကြီးရောက်တော့ ပစ္စည်းတွေ စုပုံချပြီး ရထားထွက်မယ့် စင်္ကြံမှာ လူစု ပစ္စည်းစောင့်လုပ်နေကြတာပေါ့။ တာဝန်ကျဝန်ထမ်းကို မေးကြည့်တော့ အမယ် ရှမ်းရထားတို့ထုံးစံအတိုင်း ယနေ့ နောက်ကျမည်၊ ညနေ ၆နာရီ ကျော်မှတဲ့…….။ ဒီတော့ အားလုံးလည်း မရိုးမရွပေါ့။ ဘယ်မှသွားစရာ နူတ်ဆက်စရာမရှိတဲ့ ပူချွန်ပြောင်တို့ကတော့ အေးဆေးဘဲလေ။ အခြား သူငယ်ချင်းတွေ ခင်ဗျာ ဘယ်အချိန်ထဲက ခြေဟန်ပြင် နေကြလည်းမသိဘူး “ဟေ့ကောင်တွေ မင်းတို့ သွားစရာရှိတာသွား မင်းတို့ပြန်လာမှ ငါတို့သွားမယ်” လည်းဆိုရော အမယ်လေး စကားတောင် မဆုံးသေးဘူး နောက်ဆုံး ကြည့်လိုက်တော့ ကျွန်တော်နဲ့ ပလေးဘွိုင်း နှစ်ယောက်သားဘဲ ကျန် တော့တယ်။


ကျွန်တော်က ကွင်းဆင်းရင် အမြဲတမ်း ယောင်္ကျားလေးတွေချည်း ပါတဲ့အဖွဲ့ ဆင်းရလေ့ရှိတာ ဆိုတော့ ပိုပြီးလွတ်လွတ်လပ်လပ် ရှိတာပေါ့။့ ဒီလိုနဲ့ အချိန်တွေ ကုန်အောင် တရွေ့ရွေ့စောင့် နေလိုက်တာ ၅နာရီပါတ်ဝန်းကျင် လောက်မှာ အားလုံးတဖွဲဖွဲပြန်ရောက်လာ ကြတယ်။ ဒါနဲ့ ပလေးဘွိုင်းကို တစ်ချက်ကြည့်လိုက်ပြီး “ကဲ….ဒီတစ်ခါ ငါတို့နှစ်ယောက်သွားမယ်၊ ရထားနောက်ကျမှာဆိုတော့ စားစရာသောက်စရာ သွားဝယ်မယ်၊ အားလုံး မှာချင်တာ မှာလိုက်ကြ” ဆိုတော့ အားလုံးက သဘောတူသဗျ၊ မတူ ဘယ်ရှိမလဲ၊ သူတို့ခင်ဗျာ ကိုယ့်ကိစ္စနဲ့ကိုယ် အခုမှ ပြန်ရောက်လာတာ ဆိုတော့ အမောဖြေနေတုန်းလေ။ ကိုယ်ကလည်း ကိုယ့်အကြံနဲ့ကိုယ်။

အဲဒီတုန်းက ပန်းဆိုးတန်းဂုံးကျော်တံတား ဆိုတာမရှိသေး၊ ဘူတာကြီးတံတား ဟောင်းလေးဘဲ အားကိုးပြီး မြို့ထဲဘက်သွားရတာ၊ အဲ… တံတားအဆုံး ဗိုလ်ချုပ်လမ်းနဲ့ ပန်းဆိုးတန်းထောင့်မှာ ကျွန်တော်တို့တွေ အားကိုးရတဲ့ စားဖျော်ဆိုင် ဆိုတာရှိတယ်။ အဲဒီစားဖျော်ဆိုင်မှာ စားစရာဝယ်မယ်၊ ပြီးရင် သောက်စရာ ၀ယ်၊ ကဲ မကောင်းဘူးလား၊ တစ်ချက်ခုတ် နှစ်ချက်ပြတ်။ ဒါနဲ့ အားလုံးသဘော တူပြီးသကာလ နှစ်ယောက်သား သုတ်ခြေတင်ခဲ့ပေါ့။

……………………………………………………

အဲ…..နာရီကြည့်လိုက်တော့ ၆နာရီကျော်ကျော်။

ပလေးဘွိုင်းခင်ဗျာ စိတ်ပူတယ် ထင်ပါရဲ့၊

“ဟေ့ကောင်…….ငါတို့တော့နောက်ကျပြီထင်တယ်နော်”

တစ်မေးထဲမေးနေတော့တာဘဲ။ ဒါပေမယ့် ရှမ်းပြည်မှာ ငယ်ငယ်က နေလာဘူးတဲ့ ပူချွန်ပြောင်တို့ဖြင့် စိတ်မပူ၊ ဘယ်တုန်းကမှ မစောတဲ့ရှမ်းရထား သိတယ်မဟုတ်လား။

“ဟာကွာ ကြံကြီးစည်ရာ၊ အေးဆေးပါကွာ” မှင်နဲ့ပြန်ဖြေဖြေနေရတာ

ဒါပေမယ့် စိတ်ကတော့တထင့်ထင့်။

နှစ်ယောက်သား အပြေးအလွှား တံတားပေါ်လျှောက်လာ၊ ရထားထွက်မယ့် စင်္ကြံဘက် ကြည့်တော့ လူတွေက ရှင်းရှင်းလင်းလင်း၊ အခုထိ စိတ်ကမလျှော့ ချင်သေး၊ ရထားက သိပ်နောက်ကျတာဘဲပေါ့။

အဲ စင်္ကြံဆင်းမယ့် လှေခါးထိပ်ရောက်မှ ဆရာ ဒေါ်ကျော်မင်းဌေး…..

“ဟာ ဟေ့ကောင်တွေ လာစမ်း၊ လာစမ်း မင်းတို့နှစ်ကောင် ဘယ်သဝေထိုးနေလည်း”

“ကျွန်တော်တို့ဘယ်မှ မဟုတ်ဘူးဆရာမ၊ ရထားနောက်ကျလို့ အားလုံး စားရအောင် စားစရာတွေသွားဝယ်နေတာ”

ဟဲ…ဟဲ အားလုံးအတွက် ကိုယ်တို့နှစ်ယောက် အကျိုးဆောင်ရတယ်ပေါ့…..

“အောင်မယ်လေး စားစရာသွားဝယ်တဲ့နှစ်ယောက်၊ ပါးစပ်က အနံ့ထွက်ပြီး တကိုယ်လုံးလည်း မွှန်ထွန်နေတာာဘဲ”

အဲ….ဟုတ်ပါရဲ့၊ ဟိုကောင် ပလေးဘွိုင်းပေါ့၊ သောက်လက်စ ပုလင်းကို အဖုံး ဒီအတိုင်းပိတ်ပြီး လူမမြင်အောင်ခါးကြားထိုးလာတာ၊ လှေကားပေါ်က အပြေးဆင်းလာတော့ အကုန်လုံး ယိုဖိတ်ပြီး ကျောပြင်တစ်ခုလုံး စိုရွှဲနေတော့ တာပေါ့။ ကိုယ်ကလည်းသူ့ကို အပြစ်မပြောရဲ၊ သိတယ်မဟုတ်လား ရှမ်းရထား အကြောင်းသိပါတယ်ဆိုပြီး အေးအေးဆေးဆေး လုပ်နေတာလေ။


အမှန်က နောက်ကျစရာတော့မရှိဘူးဗျ၊ ဟို စားဖျော်က စတဲ့ဇာတ်လမ်း၊ ကဲ ကြည့်လေ… လမ်းမှာသောက်စရာ ပုလင်းလေးဝယ်၊ စားစရာ လူကြုံမှာလိုက်တာလေး တွေဝယ်၊ ပြီး ပြန်၊ ကဲ….။ ဒါပေမယ့် ဟိုစားဖျော်က ပုဂ္ဂိုလ်တွေက ဂျုတီချိန်းလို့တဲ့၊ မှာတဲ့ စားစရာတွေက မလာမလာနဲ့ စောင့်ရတာကြာတော့ ၀ယ်ထားတဲ့ပုလင်းလေး နှစ်ယောက်သား တိုင်ပင်စရာ မလိုဘဲ ဖေါက်သောက် လိုက်တာ၊ တစ်ဝက်ကျိုးလို့၊ မှာထားတဲ့ စားစရာ တွေလည်းရပြီး ခဏလေး အကြာမှပြန်လာတာကိုး (ကျွန်တော်ထင်တာ တကယ့် ခဏလေးပါ၊ ဟဲ…ဟဲ)။

ဆရာမဆူနေတဲ့ကြားက ဟိုကောင် ပလေးဘွိုင်းမျက်နှာကြည့်တော့ ဇီးရွက် လောက် ရှိတော့တယ်။ အမှန်တော့ နှစ်ယောက်သား မူးတာလေးတွေ အကုန် ပျောက်ကုန်တော့တာ ပါဘဲ။

ဆရာမက ဆူလို့ကောင်းတုန်း….

“ကဲ….နင်တို့ဘယ်လို လုပ်မလဲ”

သိတယ်လေ၊ နှစ်ယောက်သားခင်ဗျာ နောက်ဆုံးနှစ်စာမေးပွဲ ရေးဖြေမှာ မီးကုန်ယမ်းကုန်ကြဲ ဖြေတာတောင်မှ မျှော်လင့်ချက်ယဲ့ယဲ့ရှိတာ။ အခုတော့ ရန်ကုန်တက္ကသိုလ်ထဲမှာ နောင်နှစ်ဆက်ကဲကြတော့မယ်ပေါ့။ ဘူမိဗေဒမှာ က သိတဲ့အတိုင်း ရေးဖြေအောင်ရုံနဲ့ တင်မလုံလောက်ပါဘူး၊ ကွင်းဆင်းလေ့လာမှု ပါအောင်မှ စာမေးပွဲအောင်တာပါ။ ဒါကြောင့် ကံစမ်းမဲဖေါက်စရာ မလိုဘဲ သေချာပြီပေါ့ဗျာ။

ခေါင်းငိုက်စိုက်နဲ့ မှိုင်ချနေတုန်း…

“အဲ….လာပြန်ပြီးလား တစ်ကောင်”

“နင်ကကော ဘယ်သွားနေတာလဲ..”

ဟုတ်ပါရဲ့ တရုပ်မ။

အဖေါ်တော့ရပြီ….ဟဲ…ဟဲ…….

အဲ ခုနက ကျွန်တော်တို့ဆင်းခဲ့တဲ့ လှေကားကနေဘဲ သုတ်သုတ် သုတ်သုတ်နဲ့ ဆင်းလာတာ ဘယ်သူတွေ လဲကြည့်တော့........

အရင်နှစ်က ကျောင်းမှာပျော်လွန်းအားကြီးလို့ ကျန်နေခဲ့တဲ့ ကျွန်တော်တို့ နောင်တော်နဲ့ ကုလားကြီး။

“အား…..ပျော်သွားပြီ” ကျွန်တော်က အော်တော့၊

ပလေးဘွိုင်းက “ဟေ့ကောင် ဆရာမဆူနေတဲ့ကြားထဲ မင်းကတော့ကွာ” တဲ့။

“အဲ….ပေါ်လာပြန်ပြီ၊ နောက်တစ်ကောင်” ဆရာမအသံကြားလို့ လှည့်ကြည့်တော့………. မြန်အောင်သား…..

အတိုင်းထက်အလွန်ပါဘဲ။

မြန်အောင်သားတစ်ကောင်၊ ရထားနဲ့မွေးထဲက ကြီးလာတဲ့ကောင်၊ အခုတော့ ရထား နောက်ကျသတဲ့။ ကိုယ်နောက်ကျတာတောင် ခပ်ဟုတ်ဟုတ် ဟား…ဟား…။

နောက်ဆုံး ကျိုးတိုးကျဲတဲ၊ စပ်ဖြီးဖြီးနဲ့ ပိန်ညောင်တစ်ကောင်လည်း သူ့ကောင်မလေးဆီ သွားနူတ်ဆက်နေလို့ဆိုပြီး ပေါက်ချလာပါပြန်ရော။ ဟုတ်၊မဟုတ်တော့မသိ၊ သူက ကြော်ငြာဝင်နေသေး။

ကောင်းကွာ၊ တို့နှစ်ယောက် ထဲကျန်မယ်ထင်တာ၊ ကိုယ်ထက်ကဲတွေ ချည်းပါဘဲလား။

“ကဲ…..ကဲ…အားလုံးဘဲပြောမယ်၊ နင်တို့ ည ၈နာရီထွက်မယ့် မန္တလေးရထား နဲ့လိုက်ရမယ်၊ ဒါပေမယ့် နင်တို့အားလုံး ပေါင်းမှ ခုံနေရာ နှစ်နေရာဘဲရမယ်”

ဟား… အိုကေဘဲ၊ သူများတွေ ရှမ်းရထားစီးရတာ ကိုယ်တို့များတော့ မန္တလေးရထားနဲ့ အငြိမ့်….

ခက်တာက အားလုံးပေါင်းက ခုနှစ်ယောက်၊ ခုံက နှစ်ခုံ…..

ဒါပေမယ့် အားလုံးမျက်နှာတွေကြည့်လိုက်တော့ ပျော်ပျော်ပါးပါး စဟယ်၊ နောက်ဟယ် တောင် လုပ်နေလိုက်ကြသေး။

“အေး….နင်တို့ကပျော်နေ၊ ငါတို့မှာတော့ စိတ်ပူပြီး၊ ခေါင်းကိုခြောက်သွား တာဘဲ၊ ဒါတောင် နင်တို့ ဆရာဦးခင်မောင်ဝင်း ကြီုးစားပြီး အကူအညီ တောင်းထားလို့ လက်မှတ်ရတယ်မှတ်”

တကယ်ပါ၊ တကယ့်ကို ကျေးဇူးတယ်ရမယ့် ဆရာ၊ ဆရာမတွေပါ၊ သူတို့သာ မကယ်ရင်၊ ကျွန်တော်တို့တွေ ခင်ဗျာ ဘာတွေများ ဆက်ဖြစ်မလဲတော့မသိ။

အဲဒီမှာ ဆရာမတို့နဲ့ အဖေါ်ပါလာတဲ့ ကျွန်တော်တို့ရဲ့ ရှေ့တန်းက ကျောင်းပြီးသွားတဲ့ အကို၊ အမတွေကလည်း အားပေးကြပါတယ်။ အခုတော့ တော်တော်လေး ပျော်စရာ ကောင်းပေါ့နော်…မဟုတ်ဘူးလား။

ခဏကြာတော့….ကြံကြံဖန်ဖန် ဘယ်ကရှာလာလဲမသိ

“ကဲ…ဒီမှာ ဆယ်ပေါင်တူ တစ်ချောင်းနဲ့၊ ခြောက်ပေါင်တူတစ်ချောင်း”

“သာစည်မှာ ရထားဆုံလို့ မင်းတို့ ဆရာဆီသွားရင် ဒီတူနှစ်ချောင်း ကိုထမ်း၊ မျက်နှာပိုးသတ်၊ သူမဆူခင် ဒီတူနှစ်ချောင်းကို ငါကပေးလိုက်တယ်ဆိုပြီး အရင်ပေး”

“အဲ…. ကွင်းထဲမှာလည်း ကောင်းကောင်းနေကြဦးနော်….”

ဆရာမ ဒေါ်ကျော်မင်းဌေး ခင်ဗျာ အရမ်းချစ်ဖို့ကောင်းပါတယ်။ သူခင်ဗျာ သူတပည့် လော်ပန်လောင်းလေးတွေအတွက် တကယ်ကို စိတ်ပူပြီး တတွတ်တွတ်နဲ့ မှာကြား နေတော့တာပေါ့။

နောက်ဆုံး အချိန်မှန် မန္တလေးရထား ဟာ ည ၈နာရီမှာ ကျွန်တော်တို့ လော်ပန် လောင်းလေးတွေကို တင်ဆောင်ပြီး ရန်ကုန်ဘူတာကြီးကနေ ထွက်ခွါ လာခဲ့ပါတော့တယ်။

အော် အခုတော့ ပြန်ပြောရင်လည်း ရယ်စရာ…………

ရထားစထွက်ပြီးချင်းဘဲ သိတ်မကြာပါဘူး၊ ဆရာပလေးဘွိုင်းက “ဟေ့ကောင်တွေ ငါတို့မှာ ပုလင်းနှစ်လုံးပါတယ်၊ တစ်လုံးကတော့ တစ်ဝက် ကျိုးနေပြီ၊ အမှန်ကတော့ ကွင်းထဲအတွက်၊ မင်းတို့ သဘောတူရင် ချကြမယ်” ဆော်သြော ပါလေရော….

သိတယ်မဟုတ်လား၊ လော်ပန်းလောင်းတွေလေ….

“ချကွာ” တဲ့ တစ်လေသံထဲ။

ထောက်ခံမဲအပြည့်။

အော် အခုတော့ ပြန်ပြောရင်လည်း ရယ်စရာ…………

မနက်မိုးလင်းတော့ သာစည်မှာ ရှမ်းရထားအဖွဲ့နဲ့ ဆုံပြီး ကွင်းဆင်းခရီးကို ဆက်ခဲ့ ကြပါတော့တယ်။

အော် အခုတော့ ပြန်ပြောရင်လည်း ရယ်စရာ…………

အဲဒီ ကွင်းဆင်းအဖွဲ့က သူငယ်ချင်းတွေလည်း နောက်ဆုံးနှစ်စာမေးပွဲကို အားလုံး အောင်မြင်ခဲ့ ကြပါတယ်။

အခုတော့ အားလုံးလည်း နိုင်ငံခြားရောက်သူရောက်၊ ကိုယ်ပိုင်လုပ်ငန်း လုပ်သူလုပ်၊ တကွဲတပြားဆီ ရေကြည်ရာမြက်နုရာမှာ………

အော် အခုတော့ ပြန်ပြောရင်လည်း ရယ်စရာ…………

အော် အခုတော့ ပြန်တမ်းတရင်းနဲ့ လွမ်းစရာ………...

အကုန်လုံးဖတ်မယ်.....

Monday 11 February 2008

လက်ခုပ်ပဲ..တီးတော့မှာလား



အာသီသ

တနေ့က တရုတ်နှစ်ကူး ရုံးအားလို့ ဘာလုပ်ရမလဲ မသိ၊ စာဖတ် ချင်တာနှင့် မဖတ်ဖြစ်တာ ကြာပြီ ဖြစ်တဲ့ Reader Digest ကို ဝယ်ပြီး ဖတ်နေမိတယ်။ January Issue ပါ။ ဟိုလှန် ဒီလှန်နှင့် စိတ်ဝင်စားစရာ အကြောင်းအရာကို ရှာနေတုန်း Heroes ဆိုတဲ့ ခေါင်းစဉ်ကို တွေ့တော့ စိတ်ဝင်စား တာနှင့် ဖတ်ကြည့်မိတယ်။ ကိုယ်ကျိုးမငှဲ့ လူသားချင်း စာနာစိတ် ရှိရှိနှင့် သူတပါးကို ကူညီ ၊ သူတပါး အသက်ကို ကယ်တင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ ကူညီ ကယ်တင်ခဲ့ပုံ ဇါတ်လမ်းအကျဉ်း ၁၁ခုကို ဖေါ်ပြထားပြီး မိမိ ကြိုက်နှစ်သက်ရာ အကောင်းဆုံးကို The hero of the year အတွက် မဲပေးနိုင်ကြောင်း ဖေါ်ပြထားပါတယ်။ တော်တော် မဆီလျှော်တဲ့ အစီအစဉ် ပဲလို့ စိတ်ထဲ မှတ်ချက် ပေးနေမိပါတယ်။ ဘာပြုလို့လဲ ဆိုတော့ သူတို့ အားလုံးဟာ The heroes of the year ပဲ မဟုတ်ပါလား။ အမှန်တကယ်တော့ သူတို့တွေဟာ ပြိုင်ပွဲဝင်ဖို့ ရည်ရွယ်ပြီး သူတပါးကို ကူညီကယ်တင် ခဲ့တာမျိုးမဟုတ်၊ ခရီးသွားဟန်လွှဲ ဒုက္ခရောက်နေတဲ့ ဘေးအန္တရာယ် တွေ့နေတဲ့ သူတွေကို လူသားစိတ်ရှိရှိ အကျိုးမမျှော်ပဲ လုပ်သင့် လုပ်ထိုက်တာကို လုပ်ဆောင်ခဲ့ သူများသာ ဖြစ်ပါတယ်။ Reader Digest အနေနဲ့ ဂုဏ်ပြု ဖေါ်ပြတယ် ဆိုရင်လည်း အားလုံးကို သူကောင်း ပြုသင့်ပါတယ်။

မြန်မာပြည် မှာလည်း ဒါမျိုး အဖြစ်အပြစ်တွေ အများကြီး ရှိမှာပါ။ မှတ်တမ်း တင်မထား တာပဲ ဖြစ်ပါလိမ့်မယ်။ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ကျွန်တော် သိခဲတဲ့ သူရဲကောင်း တစ်ယောက် အကြောင်း ဖေါ်ပြ ပါရစေ။ အဲဒီတုန်းက အိမ်ထောင် ကျကာစ၊ ကလေးလည်း မရသေးတော့ အားလပ် ချိန်တွေမှာ ညနေတိုင်း တက္ကသိုလ် ရေကူးကန်မှာ ရေသွားသွား ကူးဖြစ်တယ်။ တစ်နေ့ ကျွန်တော်တို့ ရေကူးပြီး အင်းယား ကန်ဘောင်ပေါ် လမ်းလျှေက်ပြန်အလာ၊ လူတွေတန်းစီပြီး ကြည့်နေတော့ ဘာဖြစ်တာလဲ ဆိုပြီး ဝင်စပ်စုမိတယ်။ ဆယ်ကျော်သက် ချာတိတ် တစ်ယောက် Life Jacketနှင့် ကမ်းဆီ အသည်းအသန် ကူးလာနေတာ တွေ့ရတယ်။ သူနှင့် မလှမ်းမကမ်းမှာ နှစ်ယောက်စီး Canoeလို လှေတစ်စီးကို မှောက်လျှက်သား တွေ့ရပြီး၊ နောက်ရွယ်တူ ချာတိတ် တစ်ယောက်က လှေကို ဖက်တွယ်ထားတာ တွေ့ရတယ်။ ကမ်းဆီကူးလာနေတဲ့ ချာတိတ်ဟာ ရေလုံးဝ မကူးတတ်ဘူး၊ ပိုဆိုးတာက သူဝတ်ထားတဲ့ Life Jacketဟာ ပေါက်ပြဲနေပြီး ရေတွေ ဝင်နေတာကြောင့် သူ့ကို ရေထဲ ဆွဲချ နေသလို ဖြစ်နေ ပါတော့တယ်။ ကန်ဘောင်ပေါ်မှာ ကြည့်မယ့်သူသာ ပိုပိုများလာပြီး ကယ်မယ့်သူ တစ်ယောက်မှ မတွေ့ရသေး။ ဆောက်တည်ရာမရ ဖြစ်နေတဲ့ ချာတိတ်ဟာ ရှိသမျှ အင်အားနှင့် အသကုန် ကူးခတ်ရင်း ပါစပ်က ”ကျွန်တော့ကို ကယ်ပါ၊ ကျွန်တော်ရေမကူးတတ်ဘူး၊ ကျွန်တော် နှစ်တော့မယ်”လို့သာ အော်နေပါတယ်။ အမှန်တကယ်ဆို ကျွန်တော် ဆင်းကယ် ခဲ့သင့်ပါတယ်။ ကျွန်တော်ဟာ ရေကောင်းကောင်း ကူတတ်ပါတယ်၊ အလေ့အကျင့်လည်း ကောင်းကောင်း ရှိပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်ပါ ရောပြီး နှစ်သွားမှာ ကြောက်တဲ့ စိတ်က လွှမ်းမိုးနေလို့ ကျွန်တော် မဆင်းဖြစ်ခဲ့တာပါ။ အဲဒီ အကြောင်းကို ပြန်တွေးမိတိုင်း ရှက်နေမိပါတယ်။ နှစ်တော့မဲ့ဆဲဆဲ ချာတိတ်ကို အသားညိုညိုနှင့် လူတစ်ယေက်က တစ်ယောက်ထဲ ဆင်းကယ် သွားခဲ့ပါတယ်။ ကယ်တင်ရှင်ကြီးဟာ သူ့အလုပ်ပြီးတာနှင့် ဘာမှ မပြော၊ ရေစိုဝတ်နှင့်ပဲ ထွက်သွား ပါတော့တယ်။ ကျွန်တော် အပါဝင် ရပ်ကြည့်နေသူ အားလုံး လက်ခုပ်တီးပြီး ကျန်ရစ်ခဲ့ပါတယ်။ လှေကို တွယ်ဖက်ထားတဲ့ ချာတိတ်ကိုတော့ စက်တပ်လှေ တစ်စီးက လာကယ်သွားပါတယ်။ လမ်းတလျှောက် ကိုယ့်ကိုကိုယ် ဝေဖန်ရင်း ရှက်ရှက်နှင့် အိမ်ပြန် ခဲ့ပါတော့တယ်။ အကယ်၍ ချာတိတ်သာ ကယ်သူ မရှိလို့ ရေ နှစ်သွားခဲ့ရင် …………။


” အသားညိုညိုနှင့် ကယ်တင်ရှင်ဟာ ကျွန်တော့အတွက်တော့ The hero of my lifetime ပါပဲ။ ”



*****************

အကုန်လုံးဖတ်မယ်.....

International Society for Photogrammetry and Remote Sensing (ISPRS)

ဆန်းမွန်

သူငယ်ချင်းတို့ ရေ့ … ဘူမိဗေဒ ဘာသာရပ်နဲ့ ဆက်နွယ်လို့ရတဲ့ အဖွဲ့အစည်း နဲ့ ဂျာနယ် တခု အကြောင်း ဒီကနေ ပြောပြပါရစေလား။
အဖွဲ့အစည်းရဲ့ နာမည်က International Society for Photogrammetry and Remote Sensing (ISPRS) လို့ခေါ်တဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဒီအဖွဲ့အစည်းဟာ အလွန်တရာ စနစ်တကျဖွဲ့စည်းထားတဲ့ နိုင်ငံပေါင်း ၁၀၀ ကျော်ကိုယ်စားပြုအဖွဲ့အစည်းကြီးတစ်ခုဖြစ်တယ်။

ဒီအဖွဲ့အစည်းရဲ့ရည်ရွယ်ချက်က
“ISPRS is an internation NGO devoted to the development of international cooperation for the advancement of knowledge, research, development and education Photogrammetry, Remote Sensing and Spatial Information Sciences (P&RS&SIS), their integration and application, to contribute to the well being of humanity and sustainability of the environment.”
တဲ့၊ `အမျော်အမြင်ကြီးတဲ့ လူသားမျိုးနွယ် ပေါ်ပေါက်ရေး နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ ကူညီဖေါ်ဆောင်ရေး လို့` မြန်မာ ပြန်ရမယ် ထင်ပါရဲ့။
အပေါ်စာပိုဒ်မှာပါတဲ့ Spatial Information Sciences ဆိုတာက Asia Region မှာ ရေပန်းစား လူသိများနေတဲ့ Geographic Information Systems နဲ့ ထပ်တူညီပါတယ်။
ဒါအပြင် ဒီအဖွဲ့အစည်းက ISPRS Journal of Photogrammetry & Remote Sensing ဆိုတဲ့ ကမ္ဘာ့နာမည်ကြီး ဂျာနယ်တစောင်ကိုလဲ ထုတ်ဝေသေးတယ်။ ဂျာနယ်ရဲ့ဆောင်ပုဒ်က
“The journal is to provide a channel of communication for scientists and professionals in all countries working in the many disciplines employing photogrammetry, remote sensing, spatial information systems, computer vision, and other related fields. The journal is designed to serve as a source reference and archive of advancements in these disciplines.” တဲ့။
ရည်ရွယ်ချက်ကတော့ “The journal's objective is to publish high quality, peer-reviewed, preferably previously unpublished papers of a scientific/research, technological development or application/practical nature. The journal will publish papers, including those based on ISPRS meeting presentations, which are regarded as significant contributions in the above mentioned fields. We especially encourage papers: of broad scientific interest; on innovative applications, particularly in new fields; of an interdisciplinary nature; on topics that have not been dealt with (or to a small degree) by the ISPRS Journal or related journals; and on topics related to new possible scientific/professional directions. Preferably, theoretical papers should include applications, and papers dealing with systems and applications should include theoretical background. ဆိုတာပါဘဲ။
ဒီဘာသာရပ် နဲ့ ဆက်နွယ်သူတို့ အတွက် မဟာဘွဲ့၊ ပါရဂူဘွဲ့ စာတမ်းတွေ ထုတ်ဝေဖြန့်ဖြူးရာ နေရာလေးတခုပေါ့။
ဒီအဖွဲ့အစည်းမှာ လှုပ်ရှားမူ (activities) တွေအများကြီး ရှိတယ်။ conferences, workshops, short-term trainings, seminars, summer school programs အစရှိသဖြင့်ပေါ့။ အကြီးဆုံး နဲ့ အစည်ကားဆုံးပွဲ ကတော့ လေးနှစ် တကြိမ်ကျစီ ကျင်းပတဲ့၊ ဒီနှစ် (2-11 July 2008) နှစ်လယ်ပိုင်း၊ တရုတ်နိုင်ငံ၊ ပီကင်းမြို့တော်မှာ ကျင်းပမဲ့ သင်းလုံးကျွတ် ကွန်ကရပ်စ် ( The XXI Congress) ပါဘဲကွယ့်။ စိတ်ဝင်စားလို့ ပိုလေ့လာချင်ယင်တော့ အောက်မှာ ဖေါ်ပြထားတဲ့ မှီငြမ်း ၀က်ဆိုက် ကို သွားကြည့်လို့ရပါတယ်။
References:
Organization: http://www.isprs.org/
Congress: http://www.isprs.org/foundation/
Student Opportunities: http://www.commission6.isprs.org/wg5/

အကုန်လုံးဖတ်မယ်.....

တစ်ခါက တို့ရဲ့ဘ၀တွေ

ကံကော်ဝတ်မှုံ

တစ်ခါက
နွေတစ်နွေရဲ့အေပရယ်မှာ
သင်္ကြန်ခါတွင်းကြီး
ကွင်းဆင်းခဲ့ဘူးတယ်။

တစ်ခါက
ယင်းမာပင်အလွန် ပြင်ညောင်အသွား
ရှမ်းရထားနဲ့
လှိုဏ်ခေါင်းများကို ဖြတ်ခဲ့ဘူးတယ်။

တစ်ခါက
လှိုဏ်ခေါင်းထဲကို ရထားအဖြတ်
ဦးထုပ်ကွယ်ပြီး
ပါးနဲ့နှာခေါင်းအပ်ကြတာကို တွေ့ခဲ့ဘူးတယ်။

တစ်ခါက
ပြင်ညောင်ချောင်းထဲမှာ
ဆပ်ပြာလုရင်း ရန်ဖြစ်ခဲ့ဘူးတယ်။


တစ်ခါက
ပြင်ညောင်အအေးဆိုင်မှာ
ရှောက်ဖျော်ရည်လေးခွက်ကို
တစ်ယောက်ထဲ မက်မက်စက်စက် သောက်ခဲ့ဘူးတယ်။

တစ်ခါက
ပြင်ညောင်စာသင်ကျောင်းထဲမှာ
ကင်းကိုက်လို့အော်တဲ့သူငယ်ချင်းကြောင့်
လန့်နိုးခဲ့ဘူးတယ်။

တစ်ခါက
ပြင်ညောင်စာသင်ကျောင်းထဲမှာ
စကားနိုင်လုရင်း
အချင်းချင်း စကားများခဲ့ဘူးတယ်။

တစ်ခါက
ရထားမမှီဘဲ ကျန်ခဲ့တဲ့သူငယ်ချင်းကို
ဆရာကရောက်ရင်လာသတင်းပို့လို့
ချောက်ချခဲ့ဘူးတယ်။

တစ်ခါက
မှုံမှုံမှိုင်းမှိုင်းနဲ့
ရှမ်းတောင်တန်းကြီးတွေကိုငေးကြည့်ရင်း
ကိုယ့်ကိုမချစ်ခဲ့သူကို သတိရခဲဘူးတယ်။

တစ်ခါက
သင်္ကြန်တွင်းကြီး
ကွင်းထဲမှာ
ရေလောင်းခံခဲ့ရဘူးတယ်။

တစ်ခါက
ပြင်ညောင်ကနေ ယင်းမာပင်ထိ
ရထားလမ်းအတိုင်း
လျှောက်သွားခဲ့ဘူးတယ်။

တစ်ခါက
ကျောက်ပန်းအိုးတံတားပေါ်မှာ
ရထားလာလို့
တံတားတိုင်တွေပေါ် ခုန်ချပြီး ထိုင်နေခဲ့ရဘူးတယ်။

တစ်ခါက
တောဝက်သားစားပြီး
ကွင်းထဲမှာ
ဝမ်းသွားခဲ့ဘူးတယ်။

တစ်ခါက
ရည်းစားဓါးမြဂူမှာ
ကျောက်စက်ပန်းဆွဲကို
ခေါင်းနဲ့တိုက်ခဲ့တဲ့သူကို မြင်ခဲ့ဘူးတယ်။

တစ်ခါက
မြင်းဒိုက်က စာသင်ကျောင်းမှာ
မြွေ မြွေ လို့ စတဲ့သူငယ်ချင်းကြောင့်
ခုံပေါ်မှာ ငုတ်တုတ်ထိုင်ခဲ့ဘူးတယ်။

တစ်ခါက
ဗဒင်ရဲ့သီချင်းတွေနဲ့
မြင်းဒိုက်ရဲ့ညတွေကို
ဖြတ်သန်းခဲ့ဘူးတယ်။

တစ်ခါက
“ကိုယ်အမြတ်နိုးတန်ဖိုးထားခဲ့တဲ့ အရာတစ်ခုဟာ
ကိုယ်အရွံရှာ အမုန်းတီးဆုံး လူတစ်ယောက်ဆီမှာ
ရှိမနေသင့်တာ ကြာပြီ” ဆိုတဲ့
တစ်စုံတစ်ယောက်က
တစ်စုံတစ်ယောက်ကို တစ်စုံတစ်ခု ပြန်တောင်းခဲ့တဲ့စာကို
မီးပုံထဲက လုပြီးဖတ်ခဲ့ရဘူးတယ်။

တစ်ခါက
ကလောက သူငယ်ချင်းအိမ်မှာ
သိပ်ကြိုက်တဲ့ အုန်းနို့ခေါက်ဆွဲကို (၃)ပန်းကန် စားခဲ့ဘူးတယ်။

တစ်ခါက
ကလောကသူငယ်ချင်းအမေ ထည့်ပေးလိုက်တဲ့
ကွင်းလိမ္မော်ဖျော်ရည်ပါတဲ့ ရေဘူးကို
သယ်ပေးမယ်ဆိုပြီး အပိုင်ဆီး ခံလိုက်ရခဲ့ဘူးတယ်။

တစ်ခါက
မြင်းဒိုက်မှာနေတုန်း
ကလောဈေးမှာ အသားဝယ်မရလို့ ဆိုပြီး
အစိမ်းကြော်နဲ့ နေ့တိုင်းနီးပါစားခဲ့ရဘူးတယ်။

တစ်ခါက
ကလောဈေးထဲမှာ အသားဆိုင်တွေရှေ့ရောက်တော့
အသားတွေ ချိတ်ထားတာမြင်ပြီး
ဝယ်မရတဲ့ အသားတွေကို
အံ့သြတကြီး ကြည့်ခဲ့ဘူးတယ်။

တစ်ခါက
မှိုင်းလုံးတောင်ထိပ်က
တိမ်တောင်တိမ်လိပ်တွေကို
နှလုံးသားတောင်ထိပ်က အလွမ်းမိုးရိပ်တွေအဖြစ်နဲ့
(မောင်စိန်ဝင်းစာအုပ်အမည်)
ခံစားကြည့်ခဲ့ဘူးတယ်။

တစ်ခါက
ဆင်တောင်ထိပ်ကို အောင်အောင်မြင်မြင်တက်ရောက်ခဲ့ဘူးတယ်၊
ကိုယ်စားထည့်လိုက်တဲ့ ခွေးကလေးကို
တောင်ထိပ်မှာ ရေတိုက်ခဲ့ဘူးတယ်။

တစ်ခါက
ပင်းတယကိုသွားလည်ဖို့ ပိုက်ဆံထည့်ရမယ်ဆိုတော့
ထည့်ရရင် မလိုက်ဘူးလို့ဆိုပြီး ဆန္ဒပြခဲ့ဘူးတယ်။

တစ်ခါက
ဒိုင်နိုဆောခြေရာ (သို့) စင်္ကြာမင်းခြေရာဆိုတဲ့
ကေအာဘီ ထဲက ကျောက်ခွက်ကြီးကို
တွေ့ခဲ့ဘူးတယ်။

တစ်ခါက
ဆိုင်းယင့်ကန်တင်း(န်)မှာထိုင်ရင်း
အင်းယားသူပြုစားလို့
သံပုရာရည်နဲ့ လက်ဖက်ရည်ကို တစ်ပြိုင်ထဲသောက်ပြီး
ခွက်မှောက်တဲ့သူကို မြင်ခဲ့ဘူးတယ်။

တစ်ခါက
စစ်ကိုင်းလမ်းမှာ
အင်းယားသူတွေအပြန်ကို စောင့်တဲ့
သူငယ်ချင်းကို အဖေါ်အဖြစ် လိုက်ပေးခဲ့ဘူးတယ်။

တစ်ခါက
အင်းယားဆောင်နောက်ဖေးပေါက်ကနေ
ပါလာကို အဖေါ်လိုက်သွားခဲ့ဘူးတယ်။

တစ်ခါက
စစ်ကိုင်းလမ်းပေါ်မှာ
“သွားတွေ့လိုက်ပါ၊ စောင့်နေရတာသနားပါတယ်” ဆိုတဲ့
ကာရံမညီတဲ့ စကားကို
အနီးကပ်ကြားခဲ့ရဘူးတယ်။

တစ်ခါက
ကံကော်တွေကို
လွမ်းခဲ့တယ်၊
အခုလည်း လွမ်းနေဆဲ
လွမ်းနေမြဲပါ ………………………

ဒီစာလေးကို ဖတ်ပြီး တစ်ခါက တို့တွေ ဖြတ်သန်းခဲ့ရတဲ့ အတိတ်က အရိပ်ခြေရာလေးတွေ ကို သူငယ်ချင်းတို့ ပြန်ပြီး အမှတ်ရ လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ မည်သူ့ကိုမှ နစ်နာ စေလိုတဲ့ ရည်ရွယ်ချက် အလျှင်းမရှိပါ၊ တကယ်လို့များ တစ်စုံတစ်ယောက် (နှစ်စုံနှစ်ယောက်) ကို နစ်နာစေခဲ့မယ်ဆိုရင်တော့ ခွင့်လွတ်ပါလို့ဘဲ ပြောပါရစေတော့။ တကယ်တော့ ကိုယ်တို့ဖြတ်လျှောက်ခဲ့တဲ့ အဲဒီအချိန်ကာလကလေးဟာ အခုပြန်ကြည့်ရင် ဆယ်စုနှစ်တစ်နှစ်ကို ဖြတ်ကျော်ခဲ့ပေမယ့် ကိုယ့်စိတ်ထဲမှာတော့ မနေ့တနေ့ကလိုပါဘဲ….။
အားလုံးကို သတိရလျှက်……
ကံကော်ဝတ်မှုံ

အကုန်လုံးဖတ်မယ်.....

Wednesday 6 February 2008

သတိတရရှိနေမယ်ဆရာ

အာသီသ
ဆရာ ဦးမြင့်ခိုင် ဆုံးသွားတဲ့ သတင်း ကိုကြားရပြီး နောက်ပိုင်း သေခြင်းတရား အကြောင်းကို အရင်ကထက် ပိုတွေးမိလာတယ်။ ဆရာ ဦမြင့်ခိုင်ဟာ ကျွန်တော်တို့ လေးတန်းတုန်းက ကျောက်မျက် ဘာသာတွဲကို ဆရာ ဦးမောင်ကိုနှင့် တွဲသင်ပါတယ်။ ပေလီယို လည်း သင်ပါတယ်။ ကျောက်မျက်ကို လုံးဝ စိတ် မဝင်စားတဲ့ ကျွန်တော့အဖို့ ဆရာ့ စာသင်ချိန်ဟာ ဝဋ်ကြွေး တစ်ခုလို ပါပဲ။ လူနည်းတဲ့ အတန်းလည်းဖြစ် ၊ ဆရာတွေနှင့်လည်း ရင်းနှီး နေတာမို့ အတန်းလည်း လှစ်ဖို့ အခွင့်မသာ ခဲ့ပါဘူး။ ဒါတောင် ဦးမောင်ကို သဘော ကောင်းတာကို အခွင့်ကောင်း ယူပြီး လစ်ဖြစ်အောင် လစ်လိုက်သေး။ ဆရာ့အချိန်ဆို မလစ်ရဲ ၊ ဆရာက တွေ့ကရာနှင့် ကလော်တုတ်တတ်သူ။ ပညာရေးနှင့် ပါတ်သက်လာရင် အထူးသဖြင့် ဘူမိဗေဒနှင့် ပါတ်သက်လာရင် အတိမ်း အစောင်းမခံ။

တနေ့ သူငယ်ချင်းတွေနှင့် အတူ တောင်ငူ ကင်တင်းမှာ ထိုင်နေတုန်း ဆရာ ဆင်းလာတာ တွေ့လိုက်တယ်။ ဆရာ ဘယ်သူနှင့် ထိုင်နေလဲ သတိမထားလိုက်မိ ၊ ခဏကြာ ကားတစီး အရှိန်ပြင်းပြင်းနှင့် မန္တလေးဆောင်ကို ဖြတ်ပြီး တောင်ငူ ကင်တင်းရှေ့ လာရပ်တာတွေ့ရတယ်။ ကားမောင်း လာသူတွေဟာ ကျောင်းသားလား အရပ်သားလား သေသေချာချာ မသိ။ ရုတ်ရုတ်သဲသဲ အသံကြား၍ လှည့်ကြည့် လိုက်တော့မှ ဆရာဦးမြင့်ခိုင်နှင့် ခုနက ကားနှင့် ဝင်လာတဲ့ ပုဂ္ဂိုလ်တွေ ပဋိပက္ခ ဖြစ်နေတာ တွေ့ရတယ်။ ရှိတဲ့ ကျောင်းသား တွေလည်း ဆရာနှင့် ဖြစ်တယ်ဆိုတော့ ထတဲ့သူက ထ ပြေးသွားတဲ့သူက ပြေးသွားနှင့် နည်းနည်း လှုပ်လှုပ် ရှားရှား ဖြစ်သွားပါတယ်။ ပြဿနာ အကြောင်းရင်းကို ရှာကြည့်လိုက်တော့ ခုနက တဟုန်ထိုး မောင်းလာတဲ့ ကားကြောင့် ဖုန်တွေထပြီး အစားအသောက် တွေထဲ ရောက်ကုန်လို့တဲ့။ ဆရာ ပြောမယ်ဆိုလည်း ပြောစရာပင် ၊ ကျောင်းဝင်းထဲ ကားတွေ ဝင်ဝင်လာပြီး ဟန်ရေးတပြပြ လုပ်နေကြလို့ မလိုလားအပ်တဲ့ ပြဿနာတွေ ခဏခဏ ဖြစ်တယ်။ သိပ်မကြာ လိုက်ပါဘူး ၊ တောင်ငူ ကင်တင်းကို ဝါးလုံးတိုင် တွေနှင့် ခြံခတ်လိုက်တာ တွေ့ရတယ်။ ကားတွေ ကင်တင်းအနား မကပ်နိုင်အောင် လို့တဲ့။
တောင်ငူ ကင်တင်းကို ရောက်လို့ ဝါးလုံးတိုင် လေးတွေကို မြင်တိုင်း ဆရာ ဦးမြင့်ခိုင်ကို သတိရ နေမှာ ဖြစ်ပါတယ်။

(ဆရာ…..ဒီဆောင်းပါးလေးနှင့်….နောက်ဆုံး…….ကန်တော့ခွင့်…......ပြုပါ။ ဆရာ…. ကောင်းရာ သုဂတိ…….. လားပါစေ။)

အကုန်လုံးဖတ်မယ်.....

Monday 4 February 2008

တိမ်တိုက်တွေကြားတိုးဝှေ့ကြည့်ခြင်း



အာသီသ

ပြီးခဲ့တဲ့အပါတ် ရုံးအားရက်ဖြစ်တဲ့ သောကြာနေ့က ကျွန်တော့်တို့ ဆီကို အလည်လာ နေကြ သူငယ်ချင်း တစ်ယောက် ရောက်လာတယ်။ သူနှင့်အတူ သူ့ Lap top လေးပါ ပါလာတယ်။ ကျွန်တော် ကိုယ်တိုင် လိုက်ဝယ် ပေးထားတဲ့ ကွန်ပြူတာလေးပါ။ အဲဒီ ကွန်ပျူတာမှာ ဖြစ်နေတဲ့ ပြဿနာ လေးတွေကို ကြည့်ပေးဖို့ အကူအညီ တောင်းတော့ တတ်သလောက် မှတ်သလောက် လေးနှင့် လုပ်ပေးလိုက်တာ ကောင်းသွားပါတယ်။ ယောက်ျားလေး ပီပီ ဟိုပုံ ဒီပုံတွေ ပါလာလို့ ကြည့်မလား မေးရင်း သူက ရုတ်တရက် သတိရလာပြီး ကျွန်တော့ကို ပုံတချို့ထုတ်ပြပါတယ်။ သူဘယ်က ရလာသလဲတော့ ကျွန်တော် မမေးမိလိုက်။ သူပြတဲ့ ပုံတွေကို ကြည့်ပြီး တော်တော့ကို တုန်လှုပ် သွားမိပါတယ်။ အခုခေတ် လူတွေရဲ့ ကိုယ်ကျင့်တရား နှင့် အကျင့်သိက္ခာ ကို မေးခွန်း ထုတ်မိတဲ့ အထိပဲ။ ဒီပုံတွေ ဘယ်လောက် အတိုင်းအတာ အထိ ပြန့်နှံ့ နေလည်းတော့ သေချာမသိ။ ဆက်သွယ်ရေး ခေတ်ကြီးမှာ အဲဒီအတွက် ပူစရာမလို။ တွေးမိတာက ဒီပုံတွေကို ကြည့်ဘူးတဲ့သူ ဘယ်နှစ်ယောက်များ ဖန်တည်း သူတွေကို ရှုတ်ချပြီး ၊ ဘာမှ မသိလိုက်တဲ့ ကာယကံရှင် တွေကို ကိုယ်ချင်းစာစိတ် ထား ဂရုဏာ သက်လိုက်ကြလည်း သိချင်နေမိဧ။်။ သမီးရှင်တွေ အားလုံးအတွက် သောကများ ရင်လေးဘွယ်ရာပင်။

လူစိတ်မရှိတဲ့ လူတစ်ယောက် (သို့) လူတစ်ချို့ဟာ ရုံးခန်းပါ ငှားတဲ့ ဟော်တယ် တစ်ခုရဲ့ မိန်းကလေး အိမ်သာထဲမှာ လူမမြင်အောင် လျှို့ဝှက် ကင်မရာကို တမင် ရည်ရွယ်ချက် ရှိရှိနှင့် လိုချင်တဲ့ နေရာ ရအောင် အတိအကျ ချိန် ရွယ်ပြီး မိန်းကလေးတွေ အပေါ့သွားတာကို ရိုက်ထားတဲ့ ပုံတွေဖြစ်ပါတယ်။ ဒီလူယုတ်မာ တွေရဲ့ သားကောင်တွေ ဖြစ်သွားတာ ဘယ်နှစ်ယောက် ရှိလဲတော့ သေချာမသိ၊ ကြည့်လိုက် ရတာကတော့ ၆ယောက်။ သူတို့ ယုတ်မာမှု့က ဒီမှာတင် ရပ်သွားတာ မဟုတ်၊ တစ်ယောက်ချင်းစီရဲ့ ပုံတွေကို လေးပုံကို တစ်ပုံဖြစ်အောင် ပေါင်းပြီး ဓါတ်ပုံပေါ်မှာ အမည် အလုပ်အကိုင် နေ့ရက် အချိန် စတာတွေကိုပါ ထည့်သွင်း ဖေါ်ပြ ထားတာ တွေရတော့ ကမ်းကုန် တာတင်မဟုတ် ကမ်းပါ လွန်နေပြီ။ ဒီထက် ပိုဆိုးတာက ကွန်ယက်ပေါ် ရောက်နေနှင့်ပြီ။

ကာရကံ ရှင်တွေဟာ အပျိုရွယ် မိန်းကလေးတွေ ဖြစ်ဟန် တူပါတယ်။ အကယ်၍သာ သူတို့များ ဒီအဖြစ်ဆိုး တွေကို ကိုယ်တိုင် ကိုယ်ကျ သိခွင့် မြင်ခွင့် ရလိုက်ရင် ဘယ်လောက်များ စိတ်သောက ရောက်လိုက်မလဲ မသိ။ တော်ရုံတန်ရုံ မိန်ကလေးတွေဆို ရှက်၍ မကြံကြီး မစည်ရာတွေ ကြံစည်သွားမှာ မုချ။ ဘယ်သူ့အတွက် ဘာအကျိုးရှိလို့ လုပ်ကြလည်း ဆိုတာ တွေးလို့ကို မရ။ သေချာတာ တခုက ကာရကံရှင် တွေဟာ မဖော်ပြနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို တသီကြီး ခံစားရမှာ မုချပင်။ ကာရကံရှင်တွေ ကိုယ်တိုင် သဘောတူ၍ ဖန်တည်း ထားတာမျိုး ဆိုလျှင်တော့ ဘာမှမပြောလို ၊ မိမိ တတ်နိုင်တဲ့ ဘက်က မိသားစု တာဝန် ထမ်းဆောင် နေကြတဲ့ ဘာမှ အပြစ်မရှိတဲ့ မိန်းကလေး တွေကိုမှ ဘာအငြိုးနှင့် ပန်းကောင်း အညွှတ်ချိုး ချင်ကြလည်းမသိ။ တစ်လောကပဲ နာမည်ကြီး မော်ဒယ် တစ်ယောက်ရဲ့ ဗွီဒီယိုအပိုင်းအစ တစ်ခု မြန်မာပြည်မှာ ဟိုးလေးတကျော် ဖြစ်သွားသေး။ ဒီထက်ဆိုးတာက လေယာဉ်မယ် တစ်ယောက်ရဲ့ ဇါတ်လမ်း။ နောက်ပေါ်လာပြန်ပြီ မျိုးကျော့မြိုင်တဲ့။ ဒါဟာ မြန်မာလူမျိုးတွေရဲ့ ပြယုဒ်တွေလား။ အပျော်သဘောဘဲ ဖြစ်ဖြစ် ၊ ဝါသနာ ပါလို့ပဲ ဖြစ်ဖြစ်၊ မတော်တဆပဲဖြစ်ဖြစ် ကိုယ့်အတွက်ကြောင့် သူတပါး ထိခိုက်မဲ့ အလုပ်မျိုးဆို လုံးဝ မလုပ်သင့်ပါဘူး။ မောင်နှမ သားချင်း ကိုယ်ချင်းစာ စိတ်ကလေး ထားပြီး ဆင်ဆင်ခြင်ခြင် စဉ်းစဉ်းစားစား ပြုသင့်ပါတယ်။ အကယ်၍ ငါ့နှမ ငါ့မိန်းမ ဟာ ဒီလိုမျိုး သားကောင်တွေ ဖြစ်ခဲ့မယ် ဆိုရင် ဘယ်လိုမျိုး ခံစားရမလဲ၊ ဘယ်လို တုန့်ပြန်မလဲ ဆိုတာ ကိုယ့်ကိုကိုယ် ပြန်မေးသင့်ပါတယ်။

ဒီပုံတွေ သိမ်းထားတဲ့ ကျွန်တော့ သူငယ်ချင်းကို ဆက်လက် မဖြန့်ဝေဖို့ ၊ ဖြစ်နိုင်ရင် အစဖျောက်လိုက်ဖို့ သူမပြန်ခင် မှာလိုက် ပါသေးတယ်။ လက်ဝယ်ရှိသူတွေ အနေနှင့်လည်း မောင်နှမသားချင်း ကိုယ်ချင်းစာစိတ် ထားပြီး ဆက်လက် ပြန့်ပွားအောင် မလုပ်သင့်ပါဘူး။ ငါမလုပ်လည်း သူများတွေ လုပ်မှာပဲ ဆိုတဲ့ အတွေး ဝင်လာရင်လည်း မိုးခါးရေ မသောက်လိုက်မိဖို့ တိုက်တွန်းချင်ပါတယ်။ မြန်မာ အမျိုးကောင်းသမီး တွေကို စောင့်လျှောက်တဲ့ မြန်မာအမျိုးကောင်းသားတွေ ဖြစ်ကြပါစေ။
.......................................

အကုန်လုံးဖတ်မယ်.....

Friday 1 February 2008

ပျက်အစဉ်ပြင်မရ


အာသီသ

ပြောပြန်ရင်လည်း ကိုယ့်ပေါင် ကိုယ် လှန်ထောင်းသလို ပါပဲ ၊ တစ်ချိန်လုံး ငယ်ငယ်လေး ကတည်းက အခုအထိ ငါနှင့်စတဲ့ စကားလုံးတွေပဲ ပြောတတ် တွေးတတ်ခဲ့တယ်။ ငါ့အတွက် ၊ ငါ့အောင်မြင်မှု့ အတွက် ၊ ငါအဆင်ပြေဖို့အတွက် အစသဖြင့်ပေါ့။ အဲဒီ အတွက် ကျွန်တော့ကိုယ် ကျွန်တော်ရော ကျွန်တော့ မိသားစုကိုပါ အပြစ် မတင်ပါဘူး။ နွံနစ် နေတဲ့ အချိန်မှာ ကိုယ်လွှတ် ရုန်းဖို့ပဲ စဉ်းစား မိကြမယ် မဟုတ်ပါလား။ ကမ္ဘာမီးလောင် သားတောင် ချနင်းသေးတာဟုတ်…။ ဒါပေမယ့် ငတေလို စိတ်မျိုးတော့ ဘယ်တုန်းကမှ မမွှေးခဲ့ ၊ တရားသဖြင့် အတ္တ ရှိခဲ့တာပါ။

အရွယ် ရင့်လာတော့ တဖြည်းဖြည်း ကိုယ့်ကိုကိုယ် မြင်လာတယ် ၊ သိလာတယ် ၊ ဒါပေမယ့် အလာကား နေရင်း နဲ့ သိလာတာ မျိုးတော့ မဟုတ် ၊ အတ္တဟိတ ပရဟိတ အသိရှိကြတဲ့ မြင်ဆရာ ကြားဆရာ သူငယ်ချင်းတွေ လုပ်ဖေါ်ကိုင်ဖက်တွေ နှင့် ကိုကျော်သူတို့ မသန်းမြင့်အောင် တို့လို ပုဂ္ဂိုလ်မျိုးတွေ ကြည့်ပြီး ပြောင်းလည်း လာတာပါ။

သူတို့တွေ ထဲကမှ ၉၄-၉၅ ဘူမိ ကျောင်းသားဟောင်းများ ဆရာကန်တော့ပွဲကို နှစ်ကြိမ်တိုင်တိုင် အောင်အောင်မြင်မြင် စည်စည်ကားကားနှင့် အဓိပါယ်ရှိရှိ အနှစ်သာရ ပြည့်မီအောင် ရှေ့ဆုံးကနေ အပင်ပန်းခံ အငြိုငြင်ခံ ဦးဆောင်ဦးရွက် ပြုသွားတဲ့ သူငယ်ချင်း “မသူဇာ”အကြောင်း နည်းနည်း ပြောပါရစေ။ သူတစ်ယောက်ထဲ အောင်မြင်အောင် လုပ်သွားတယ်လို့ ကျွန်တော် မပြောပါဘူး။ နီးစပ်းရာ သူငယ်ချင်း တွေရဲ့ စေတနာ ထက်သန်မှု့ ၊ ကူညီယိုင်းပင်းမှု့ ၊ ပံ့ပိုးမှု့ ၊ စိတ်အားထက်သန်မှု့ ၊ စတဲ့ အရင်းအခံ တွေကြောင့်လည်း ပါပါတယ်။ ဒါပေသိ သေချာတာ တခုက ”မသူဇာ”မပါရင် ပွဲမဖြစ် နိုင်ဘူးလို့ သုံးသပ် မိပါတယ်။ ”မသူဇာ”ဟာ ဒီပွဲမျိုး ဖြစ်ဖို့ စတင် စိတ်ကူးသူ ဖြစ်သလို စတင် ဖေါ်ဆောင်သူလည်း ဖြစ်ပါတယ်။ ကိုအောင်သိန်း နှင့်အတူ ငွေပင်ငွေရင်း စိုက်ထုတ်ပြီး ကိုယ်တိုင် နေ့မအား ညမနား စေတနာအပြည့်နှင့် အခက်အခဲ တော်တော်များများကို ကျော်ဖြတ်ပြီး အကောင်အထည် ဖေါ်ခဲ့တာ ”မသူဇာ”ပါ။ ပြောချင်တာက သူမရဲ့ ပရဟိတ စိတ်ဓါတ်လေးပါ ၊ သူမဟာ ဆရာတွေကို ချစ်တယ် လေးစားတယ် ၊ သူငယ်ချင်းတွေကို ချစ်တယ် လေးစာတယ် ၊ ဒီတော့ ဆရာတွေ သူငယ်ချင်းတွေ အတွက် ကောင်းကျိုးကို လိုလားတယ်။ ဆရာတွေရဲ့ ကျေးဇူးကို အမြဲ အမှတ်ရနေတဲ့ ၊ သူငယ်ချင်း တွေရဲ့ အခက်အခဲ တွေကို အမြဲ ကူညီ ဖြေရှင်းပေးတတ်တဲ့ ”မသူဇာ”ရဲ့ စိတ်ဓါတ်ဟာ ကျွန်တော့အတွက် အတုယူစရာပါ ။

အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော် သူ့နေရာကို စိတ်ကူးနဲ့ ဝင်ကြည့်မိပါသေးတယ် ။ Is it worth wasting your precious time & money for others? ဆိုတဲ့ မေးခွန်းမျိုးတွေပဲ ခေါင်းထဲ ပေါ်လာပါတယ်။ အတော်လေးကို ကြိုးစားပြီး ပြောင်းယူ ရမှာဘာလား လို့လည်း ဆင်ခြင်မိပါတယ်။ တစ်နေ့ ကြုံကြိုက်လို့ ရှေ့မီနောက်မီ တတိယအရွယ် သူငယ်ချင်း တစ်ယောက်ကို အဲဒီအကြောင်း ပြောပြတော့ သူပြောတဲ့ စကားကြောင့် အတော်လေးကို သဘောကျ သွားတယ်။ ကျွန်တော့မှာ ကျောင်းဆရာ စိတ်ဓါတ် မရှိလို့တဲ့ ၊ ဘာဆိုင်လို့လည်း မေးတော့ သူက ဆိုင်တာပေါ့ကွာတဲ့ ဆရာဆိုတာ ” ပီတိ ” ပဲ စားတာတဲ့ ၊ ” ပီတိ ” စားတတ်ဖို့ ကျောင်းဆရာ ဖြစ်ရမယ် လို့တော့ မဆိုလို ပါဘူးကွာ တဲ့။ သူ ဆိုလိုချင်တာကို သေသေ ချာချာတော့ သဘောမပေါက် ၊ ဒါပေမယ့် ကြုံရင်တော့ ကိုသက်တင်ညွန့်ု့ ၊ ကိုကျော်စွာနိုင် ၊ ကိုကျော်လင်းဦး ၊ ကိုကျော်ကျော်မင်း ၊ ကိုကျော်ထင်ခိုင် ၊ မယဉ်မင်းထွေး ၊ မမီမီသိန်း တို့ကို မေးအုံးမယ် ဆိုပြီး စိတ်ထဲတော့ ကြိတ်ခဲထားပါရဲ့။

…………………………………

( ၉၅-ဂန်ဒူးတန်းက သူငယ်ချင်းများ အတွက် အမှတ် တရ )

အကုန်လုံးဖတ်မယ်.....