၁၉၉၁-၁၉၉၄ ဘူမိဗေဒသူငယ်ချင်းများ၏ စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ၂၀၁၂ ဇန်န၀ါရီလကုန်တွင် ကျင်းပမည်။ ...........

Thursday 10 July 2008

NARGIS ကယ်ဆယ်ရေးလုပ်ငန်းများ ရေရှည်ဆောင်ရွက်မည့် မြန်မာ့ဘူမိသိပ္ပံအသင်း

Nargis အလွန်မှာ မြန်မာနိုင်ငံဘူမိဗေဒ ကျောင်းသားဟောင်းများ စုစည်းအားထုတ်မှုနဲ့ ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၏ သဘာဝဘေးအန္တရာယ် ကူညီစောင့်ရှောက်ရေး ကော်မတီဟာ Nargis ဒဏ်ခံရသော ဒေသများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများကို ရေရှည်ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်းသိရှိရသည်။
ကော်မတီ ဥက္ကဌ ဦးအေးလွင်က ပြောကြားရာတွင် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၏ လမ်းညွှန်မှု အောက်မှာ ဦးတည်ချက် (၃)ရပ်နဲ့ ရေရှည်လုပ်ကိုင်သွားမှာဖြစ်ကြောင်း။
ပထမဦးတည်ချက်အနေဖြင့် သက်ကြီးရွယ်အိုများကို ကူညီထောက်ပံ့နိုင်ရေးပါ။
သက်ကြီးရွယ်အိုများ၏ စာရင်းကို ရနိုင်သလောက်ကွင်းဆင်း ကောက်ယူပြီး လိုအပ်ချက်များကို ပံ့ပိုးကူညီသွားပါမယ်။ ယခုလောလောဆယ် ဖျာပုံမြို့နယ် ကနိကျေးရွာမှ အဘိုး၊ အဘွား (၆)ယောက်နဲ့ အချာကျေးရွာမှ (၁၁)ယောက်အား အစားအစာများနှင့် ကျန်းမာရေးအတွက် လိုအပ်မည့် ကုန်ကျစရိတ်များကို တစ်နှစ်စာ လှုဒါန်းနိုင်ခဲ့ပါတယ်၊ ထို့အပြင် မော်ကျွန်းဘက်မှ အဘိုး၊ အဘွားများကိုလည်း လိုအပ်သလို ဘိုးဘွားရိပ်သာများသို့ ပို့ဆောင်ပေးနိုင်ရန် စီစဉ်လျက်ရှိပြီး၊ ဒေသတွင်းသာ နေထိုင်လိုသော ဘိုးဘွားများ အတွက်လည်း ရပ်မိ၊ ရပ်ဖများနှင့် ညှိနှိုင်းတိုင်ပင်ပြီး တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်ကာ အခြေအနေ အတိုင်းအတာ တစ်ခုအထိ အဆင်ပြေအောင် ဆောင်ရွက်ပေးသွားပါမည်။
ဒုတိယဦးတည်ချက်အနေဖြင့် မိဘမဲ့ ကလေးသူငယ်များကို ကူညီထောက်ပံ့နိုင်ရေးပါ။
ခိုကိုးရာမဲ့ မိဘမဲ့ ကလေးသူငယ်များကို လှုမှုဝန်ထမ်းကနေ အသစ်ဖွင့်လှစ်ထားတဲ့ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ (သို့) ရှိပြီးသား ပရဟိတဂေဟာများကို ပို့ဆောင်ပေးပါမယ်။
အခုလောလောဆယ် ဖျာပုံမြို့နယ် ကနိကျေးရွာမှ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှာ ကလေးငယ်ပေါင်း (၇၀)ခန့်ရှိပါတယ်။ နောက်ထပ် ကလေးငယ်ပေါင်း (၅၀)ခန့်ထပ်မံ လက်ခံနိုင်မယ် လို့သိရပါတယ်။ အဆိုပါ ထပ်မံတိုးပွါးလာမယ့် ကလေးငယ်များအတွက် တစ်နှစ်စာ စားသောက်စရိတ်၊ ဗလာစာအုပ် ဒါဇင် (၆၀)နဲ့ လိုအပ်တဲ့ စောင်၊ ခြင်ထောင်တွေ ထောက်ပံ့ပေးခဲ့ပါတယ်။ အချာကျေးရွာမှာတော့ ယာယီရွက်ဖျင်တဲထိုးပြီး စာသင်ကြားနေရတဲ့ ကလေးငယ်ပေါင်း (၁၀၀)အတွက် ဗလာစာအုပ် ဒါဇင် (၁၀၀) လှုဒါန်းခဲ့ပါတယ်။
ကလေးငယ်များအား ရေရှည် လိုအပ်ချက်များကို ပံ့ပိုးသွားနိုင်ရန်နှင့် (၁၀)တန်းအောင်၍ တက္ကသိုလ်တက်မည့် ကလေးငယ်များအတွက်လည်း ဆက်လက်ပညာသင်ကြားနိုင်ရန် ကူညီ ပေးသွားပါမည်။
တတိယဦးတည်ချက်အနေဖြင့် မြေအောက်ရေနှင့် ရေကောင်းရေသန့်ရရှိရေးပါ။
Nargis ဒဏ်ခံခဲ့ရတဲ့ ဒေသများရှိ ကျေးရွာတွေမှာ မြေအောက်ရေရရှိရေးနဲ့ ရေကောင်း၊ရေသန့် ရရှိရေးကို ဘူမိဗေဒပညာရပ်တွေသုံးပြီး ကူညီပံ့ပိုးပေးဖို့ လုပ်ငန်း၊စီမံချက်တွေ ရေးဆွဲ ထားပါတယ်။
ကော်မတီဥက္ကဌ ဦးအေးလွင်က ဆက်လက်ပြောကြားရာမှာ ဘူမိဗေဒ ကျောင်းသားဟောင်း တစ်ဦးမှ နေအိမ် (၄) (၅)လုံး တည်ဆောက် လှုဒါန်းရန် ကမ်းလှမ်းထားကြောင်း။ ဂျပန်နိုင်ငံ ဆိုင်တမတက္ကသိုလ်မှ မြန်မာကျောင်းသားများပေးပို့ လှုဒါန်းသည့် ပထမဆုံး အ၀တ်အစား ကွန်တိန်နာမှာလည်း ရောက်ရှိလာတော့မှာ ဖြစ်ကြောင်း။ ရေတုံကင်စက်များ၊ လယ်ထွန်စက်များ လှုဒါန်းရန်လည်း ကမ်းလှမ်းထားကြကြောင်း၊ လှုဒါန်းထားသည့် ဆေးရုံသုံးပစ္စည်းများလည်း မကြာမီ ရောက်ရှိလာမည်ဖြစ်ကြောင်းနှင့် ရောက်ရှိလာပါက ရပ်ရွာတိုက်နယ်ဆေးရုံများ၊ မြို့နယ်ဆေးရုံများသို့ ပံ့ပိုးပေးမည် ဟုဆိုပါသည်။
ထို့အပြင် မြန်မာဘူမိသိပ္ပံအသင်းအနေဖြင့် မုန်တိုင်းဒဏ်ခံနိုင်သည့် Cyclone Shelter များတည်ဆောက်ပေးနိုင်ရန်လည်း ရည်ရွယ်လျက်ရှိပြီး၊ ထပ်မံ၍ ဤကဲ့သို့သော ဘေးအန္တရယ်မျိုး ထပ်မံ မကြုံတွေ့နိုင်ရန်နှင့် မည်သူမဆို ခုခံကာကွယ်သွားနိုင်ရန် အတွက် ဘူမိဗေဒပညာရပ်ကိုအခြေခံ၍ လိုအပ်သည်များကို ဆောင်ရွက်သွားမည်ဟုလည်း သိရှိ ရပါသည်။
ယခုကဲ့သို့ ဆောင်ရွက်နိုင်မှုများသည် ပြည်တွင်း၊ ပြည်ပ ဘူမိဗေဒပညာရှင်တွေ၊ လုပ်ငန်းရှင်တွေနဲ့ ဘူမိဗေဒ မိသားစုနဲ့ ပါတ်သက်တဲ့ အသိုင်းအ၀ိုင်းက စေတနာရှင်တွေရဲ့ စုပေါင်းပါဝင် လှုဒါန်းမှုများ၊ လှုပ်ရှားမှုများကြောင့်ဖြစ်ပါတယ်။ ဒီလို စုစည်းမှု အင်အားနဲ့ Nargis ဒဏ်ခံရသော ဒေသများအတွက် နေထိုင် စားသောက်ရေးတွေကို ရေရှည် ပံ့ပိုးဆောင်ရွက် သွားမယ်လို့ သိရှိရပါသည်။

No comments: