အဲ…..နာရီကြည့်လိုက်တော့ ၆နာရီကျော်ကျော်။
ပလေးဘွိုင်းခင်ဗျာ စိတ်ပူတယ် ထင်ပါရဲ့၊
“ဟေ့ကောင်…….ငါတို့တော့နောက်ကျပြီထင်တယ်နော်”
တစ်မေးထဲမေးနေတော့တာဘဲ။ ဒါပေမယ့် ရှမ်းပြည်မှာ ငယ်ငယ်က နေလာဘူးတဲ့ ပူချွန်ပြောင်တို့ဖြင့် စိတ်မပူ၊ ဘယ်တုန်းကမှ မစောတဲ့ရှမ်းရထား သိတယ်မဟုတ်လား။
“ဟာကွာ ကြံကြီးစည်ရာ၊ အေးဆေးပါကွာ” မှင်နဲ့ပြန်ဖြေဖြေနေရတာ
ဒါပေမယ့် စိတ်ကတော့တထင့်ထင့်။
နှစ်ယောက်သား အပြေးအလွှား တံတားပေါ်လျှောက်လာ၊ ရထားထွက်မယ့် စင်္ကြံဘက် ကြည့်တော့ လူတွေက ရှင်းရှင်းလင်းလင်း၊ အခုထိ စိတ်ကမလျှော့ ချင်သေး၊ ရထားက သိပ်နောက်ကျတာဘဲပေါ့။
အဲ စင်္ကြံဆင်းမယ့် လှေခါးထိပ်ရောက်မှ ဆရာ ဒေါ်ကျော်မင်းဌေး…..
“ဟာ ဟေ့ကောင်တွေ လာစမ်း၊ လာစမ်း မင်းတို့နှစ်ကောင် ဘယ်သဝေထိုးနေလည်း”
“ကျွန်တော်တို့ဘယ်မှ မဟုတ်ဘူးဆရာမ၊ ရထားနောက်ကျလို့ အားလုံး စားရအောင် စားစရာတွေသွားဝယ်နေတာ”
ဟဲ…ဟဲ အားလုံးအတွက် ကိုယ်တို့နှစ်ယောက် အကျိုးဆောင်ရတယ်ပေါ့…..
“အောင်မယ်လေး စားစရာသွားဝယ်တဲ့နှစ်ယောက်၊ ပါးစပ်က အနံ့ထွက်ပြီး တကိုယ်လုံးလည်း မွှန်ထွန်နေတာာဘဲ”
အဲ….ဟုတ်ပါရဲ့၊ ဟိုကောင် ပလေးဘွိုင်းပေါ့၊ သောက်လက်စ ပုလင်းကို အဖုံး ဒီအတိုင်းပိတ်ပြီး လူမမြင်အောင်ခါးကြားထိုးလာတာ၊ လှေကားပေါ်က အပြေးဆင်းလာတော့ အကုန်လုံး ယိုဖိတ်ပြီး ကျောပြင်တစ်ခုလုံး စိုရွှဲနေတော့ တာပေါ့။ ကိုယ်ကလည်းသူ့ကို အပြစ်မပြောရဲ၊ သိတယ်မဟုတ်လား ရှမ်းရထား အကြောင်းသိပါတယ်ဆိုပြီး အေးအေးဆေးဆေး လုပ်နေတာလေ။
အမှန်က နောက်ကျစရာတော့မရှိဘူးဗျ၊ ဟို စားဖျော်က စတဲ့ဇာတ်လမ်း၊ ကဲ ကြည့်လေ… လမ်းမှာသောက်စရာ ပုလင်းလေးဝယ်၊ စားစရာ လူကြုံမှာလိုက်တာလေး တွေဝယ်၊ ပြီး ပြန်၊ ကဲ….။ ဒါပေမယ့် ဟိုစားဖျော်က ပုဂ္ဂိုလ်တွေက ဂျုတီချိန်းလို့တဲ့၊ မှာတဲ့ စားစရာတွေက မလာမလာနဲ့ စောင့်ရတာကြာတော့ ၀ယ်ထားတဲ့ပုလင်းလေး နှစ်ယောက်သား တိုင်ပင်စရာ မလိုဘဲ ဖေါက်သောက် လိုက်တာ၊ တစ်ဝက်ကျိုးလို့၊ မှာထားတဲ့ စားစရာ တွေလည်းရပြီး ခဏလေး အကြာမှပြန်လာတာကိုး (ကျွန်တော်ထင်တာ တကယ့် ခဏလေးပါ၊ ဟဲ…ဟဲ)။
ဆရာမဆူနေတဲ့ကြားက ဟိုကောင် ပလေးဘွိုင်းမျက်နှာကြည့်တော့ ဇီးရွက် လောက် ရှိတော့တယ်။ အမှန်တော့ နှစ်ယောက်သား မူးတာလေးတွေ အကုန် ပျောက်ကုန်တော့တာ ပါဘဲ။
ဆရာမက ဆူလို့ကောင်းတုန်း….
“ကဲ….နင်တို့ဘယ်လို လုပ်မလဲ”
သိတယ်လေ၊ နှစ်ယောက်သားခင်ဗျာ နောက်ဆုံးနှစ်စာမေးပွဲ ရေးဖြေမှာ မီးကုန်ယမ်းကုန်ကြဲ ဖြေတာတောင်မှ မျှော်လင့်ချက်ယဲ့ယဲ့ရှိတာ။ အခုတော့ ရန်ကုန်တက္ကသိုလ်ထဲမှာ နောင်နှစ်ဆက်ကဲကြတော့မယ်ပေါ့။ ဘူမိဗေဒမှာ က သိတဲ့အတိုင်း ရေးဖြေအောင်ရုံနဲ့ တင်မလုံလောက်ပါဘူး၊ ကွင်းဆင်းလေ့လာမှု ပါအောင်မှ စာမေးပွဲအောင်တာပါ။ ဒါကြောင့် ကံစမ်းမဲဖေါက်စရာ မလိုဘဲ သေချာပြီပေါ့ဗျာ။
ခေါင်းငိုက်စိုက်နဲ့ မှိုင်ချနေတုန်း…
“အဲ….လာပြန်ပြီးလား တစ်ကောင်”
“နင်ကကော ဘယ်သွားနေတာလဲ..”
ဟုတ်ပါရဲ့ တရုပ်မ။
အဖေါ်တော့ရပြီ….ဟဲ…ဟဲ…….
အဲ ခုနက ကျွန်တော်တို့ဆင်းခဲ့တဲ့ လှေကားကနေဘဲ သုတ်သုတ် သုတ်သုတ်နဲ့ ဆင်းလာတာ ဘယ်သူတွေ လဲကြည့်တော့........
အရင်နှစ်က ကျောင်းမှာပျော်လွန်းအားကြီးလို့ ကျန်နေခဲ့တဲ့ ကျွန်တော်တို့ နောင်တော်နဲ့ ကုလားကြီး။
“အား…..ပျော်သွားပြီ” ကျွန်တော်က အော်တော့၊
ပလေးဘွိုင်းက “ဟေ့ကောင် ဆရာမဆူနေတဲ့ကြားထဲ မင်းကတော့ကွာ” တဲ့။
“အဲ….ပေါ်လာပြန်ပြီ၊ နောက်တစ်ကောင်” ဆရာမအသံကြားလို့ လှည့်ကြည့်တော့………. မြန်အောင်သား…..
အတိုင်းထက်အလွန်ပါဘဲ။
မြန်အောင်သားတစ်ကောင်၊ ရထားနဲ့မွေးထဲက ကြီးလာတဲ့ကောင်၊ အခုတော့ ရထား နောက်ကျသတဲ့။ ကိုယ်နောက်ကျတာတောင် ခပ်ဟုတ်ဟုတ် ဟား…ဟား…။
နောက်ဆုံး ကျိုးတိုးကျဲတဲ၊ စပ်ဖြီးဖြီးနဲ့ ပိန်ညောင်တစ်ကောင်လည်း သူ့ကောင်မလေးဆီ သွားနူတ်ဆက်နေလို့ဆိုပြီး ပေါက်ချလာပါပြန်ရော။ ဟုတ်၊မဟုတ်တော့မသိ၊ သူက ကြော်ငြာဝင်နေသေး။
ကောင်းကွာ၊ တို့နှစ်ယောက် ထဲကျန်မယ်ထင်တာ၊ ကိုယ်ထက်ကဲတွေ ချည်းပါဘဲလား။
“ကဲ…..ကဲ…အားလုံးဘဲပြောမယ်၊ နင်တို့ ည ၈နာရီထွက်မယ့် မန္တလေးရထား နဲ့လိုက်ရမယ်၊ ဒါပေမယ့် နင်တို့အားလုံး ပေါင်းမှ ခုံနေရာ နှစ်နေရာဘဲရမယ်”
ဟား… အိုကေဘဲ၊ သူများတွေ ရှမ်းရထားစီးရတာ ကိုယ်တို့များတော့ မန္တလေးရထားနဲ့ အငြိမ့်….
ခက်တာက အားလုံးပေါင်းက ခုနှစ်ယောက်၊ ခုံက နှစ်ခုံ…..
ဒါပေမယ့် အားလုံးမျက်နှာတွေကြည့်လိုက်တော့ ပျော်ပျော်ပါးပါး စဟယ်၊ နောက်ဟယ် တောင် လုပ်နေလိုက်ကြသေး။
“အေး….နင်တို့ကပျော်နေ၊ ငါတို့မှာတော့ စိတ်ပူပြီး၊ ခေါင်းကိုခြောက်သွား တာဘဲ၊ ဒါတောင် နင်တို့ ဆရာဦးခင်မောင်ဝင်း ကြီုးစားပြီး အကူအညီ တောင်းထားလို့ လက်မှတ်ရတယ်မှတ်”
တကယ်ပါ၊ တကယ့်ကို ကျေးဇူးတယ်ရမယ့် ဆရာ၊ ဆရာမတွေပါ၊ သူတို့သာ မကယ်ရင်၊ ကျွန်တော်တို့တွေ ခင်ဗျာ ဘာတွေများ ဆက်ဖြစ်မလဲတော့မသိ။
အဲဒီမှာ ဆရာမတို့နဲ့ အဖေါ်ပါလာတဲ့ ကျွန်တော်တို့ရဲ့ ရှေ့တန်းက ကျောင်းပြီးသွားတဲ့ အကို၊ အမတွေကလည်း အားပေးကြပါတယ်။ အခုတော့ တော်တော်လေး ပျော်စရာ ကောင်းပေါ့နော်…မဟုတ်ဘူးလား။
ခဏကြာတော့….ကြံကြံဖန်ဖန် ဘယ်ကရှာလာလဲမသိ
“ကဲ…ဒီမှာ ဆယ်ပေါင်တူ တစ်ချောင်းနဲ့၊ ခြောက်ပေါင်တူတစ်ချောင်း”
“သာစည်မှာ ရထားဆုံလို့ မင်းတို့ ဆရာဆီသွားရင် ဒီတူနှစ်ချောင်း ကိုထမ်း၊ မျက်နှာပိုးသတ်၊ သူမဆူခင် ဒီတူနှစ်ချောင်းကို ငါကပေးလိုက်တယ်ဆိုပြီး အရင်ပေး”
“အဲ…. ကွင်းထဲမှာလည်း ကောင်းကောင်းနေကြဦးနော်….”
ဆရာမ ဒေါ်ကျော်မင်းဌေး ခင်ဗျာ အရမ်းချစ်ဖို့ကောင်းပါတယ်။ သူခင်ဗျာ သူတပည့် လော်ပန်လောင်းလေးတွေအတွက် တကယ်ကို စိတ်ပူပြီး တတွတ်တွတ်နဲ့ မှာကြား နေတော့တာပေါ့။
နောက်ဆုံး အချိန်မှန် မန္တလေးရထား ဟာ ည ၈နာရီမှာ ကျွန်တော်တို့ လော်ပန် လောင်းလေးတွေကို တင်ဆောင်ပြီး ရန်ကုန်ဘူတာကြီးကနေ ထွက်ခွါ လာခဲ့ပါတော့တယ်။
အော် အခုတော့ ပြန်ပြောရင်လည်း ရယ်စရာ…………
ရထားစထွက်ပြီးချင်းဘဲ သိတ်မကြာပါဘူး၊ ဆရာပလေးဘွိုင်းက “ဟေ့ကောင်တွေ ငါတို့မှာ ပုလင်းနှစ်လုံးပါတယ်၊ တစ်လုံးကတော့ တစ်ဝက် ကျိုးနေပြီ၊ အမှန်ကတော့ ကွင်းထဲအတွက်၊ မင်းတို့ သဘောတူရင် ချကြမယ်” ဆော်သြော ပါလေရော….
သိတယ်မဟုတ်လား၊ လော်ပန်းလောင်းတွေလေ….
“ချကွာ” တဲ့ တစ်လေသံထဲ။
ထောက်ခံမဲအပြည့်။
အော် အခုတော့ ပြန်ပြောရင်လည်း ရယ်စရာ…………
မနက်မိုးလင်းတော့ သာစည်မှာ ရှမ်းရထားအဖွဲ့နဲ့ ဆုံပြီး ကွင်းဆင်းခရီးကို ဆက်ခဲ့ ကြပါတော့တယ်။
အော် အခုတော့ ပြန်ပြောရင်လည်း ရယ်စရာ…………
အဲဒီ ကွင်းဆင်းအဖွဲ့က သူငယ်ချင်းတွေလည်း နောက်ဆုံးနှစ်စာမေးပွဲကို အားလုံး အောင်မြင်ခဲ့ ကြပါတယ်။
အခုတော့ အားလုံးလည်း နိုင်ငံခြားရောက်သူရောက်၊ ကိုယ်ပိုင်လုပ်ငန်း လုပ်သူလုပ်၊ တကွဲတပြားဆီ ရေကြည်ရာမြက်နုရာမှာ………
အော် အခုတော့ ပြန်ပြောရင်လည်း ရယ်စရာ…………
အော် အခုတော့ ပြန်တမ်းတရင်းနဲ့ လွမ်းစရာ………...