၁၉၉၁-၁၉၉၄ ဘူမိဗေဒသူငယ်ချင်းများ၏ စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ၂၀၁၂ ဇန်န၀ါရီလကုန်တွင် ကျင်းပမည်။ ...........

Wednesday 6 February 2008

သတိတရရှိနေမယ်ဆရာ

အာသီသ
ဆရာ ဦးမြင့်ခိုင် ဆုံးသွားတဲ့ သတင်း ကိုကြားရပြီး နောက်ပိုင်း သေခြင်းတရား အကြောင်းကို အရင်ကထက် ပိုတွေးမိလာတယ်။ ဆရာ ဦမြင့်ခိုင်ဟာ ကျွန်တော်တို့ လေးတန်းတုန်းက ကျောက်မျက် ဘာသာတွဲကို ဆရာ ဦးမောင်ကိုနှင့် တွဲသင်ပါတယ်။ ပေလီယို လည်း သင်ပါတယ်။ ကျောက်မျက်ကို လုံးဝ စိတ် မဝင်စားတဲ့ ကျွန်တော့အဖို့ ဆရာ့ စာသင်ချိန်ဟာ ဝဋ်ကြွေး တစ်ခုလို ပါပဲ။ လူနည်းတဲ့ အတန်းလည်းဖြစ် ၊ ဆရာတွေနှင့်လည်း ရင်းနှီး နေတာမို့ အတန်းလည်း လှစ်ဖို့ အခွင့်မသာ ခဲ့ပါဘူး။ ဒါတောင် ဦးမောင်ကို သဘော ကောင်းတာကို အခွင့်ကောင်း ယူပြီး လစ်ဖြစ်အောင် လစ်လိုက်သေး။ ဆရာ့အချိန်ဆို မလစ်ရဲ ၊ ဆရာက တွေ့ကရာနှင့် ကလော်တုတ်တတ်သူ။ ပညာရေးနှင့် ပါတ်သက်လာရင် အထူးသဖြင့် ဘူမိဗေဒနှင့် ပါတ်သက်လာရင် အတိမ်း အစောင်းမခံ။

တနေ့ သူငယ်ချင်းတွေနှင့် အတူ တောင်ငူ ကင်တင်းမှာ ထိုင်နေတုန်း ဆရာ ဆင်းလာတာ တွေ့လိုက်တယ်။ ဆရာ ဘယ်သူနှင့် ထိုင်နေလဲ သတိမထားလိုက်မိ ၊ ခဏကြာ ကားတစီး အရှိန်ပြင်းပြင်းနှင့် မန္တလေးဆောင်ကို ဖြတ်ပြီး တောင်ငူ ကင်တင်းရှေ့ လာရပ်တာတွေ့ရတယ်။ ကားမောင်း လာသူတွေဟာ ကျောင်းသားလား အရပ်သားလား သေသေချာချာ မသိ။ ရုတ်ရုတ်သဲသဲ အသံကြား၍ လှည့်ကြည့် လိုက်တော့မှ ဆရာဦးမြင့်ခိုင်နှင့် ခုနက ကားနှင့် ဝင်လာတဲ့ ပုဂ္ဂိုလ်တွေ ပဋိပက္ခ ဖြစ်နေတာ တွေ့ရတယ်။ ရှိတဲ့ ကျောင်းသား တွေလည်း ဆရာနှင့် ဖြစ်တယ်ဆိုတော့ ထတဲ့သူက ထ ပြေးသွားတဲ့သူက ပြေးသွားနှင့် နည်းနည်း လှုပ်လှုပ် ရှားရှား ဖြစ်သွားပါတယ်။ ပြဿနာ အကြောင်းရင်းကို ရှာကြည့်လိုက်တော့ ခုနက တဟုန်ထိုး မောင်းလာတဲ့ ကားကြောင့် ဖုန်တွေထပြီး အစားအသောက် တွေထဲ ရောက်ကုန်လို့တဲ့။ ဆရာ ပြောမယ်ဆိုလည်း ပြောစရာပင် ၊ ကျောင်းဝင်းထဲ ကားတွေ ဝင်ဝင်လာပြီး ဟန်ရေးတပြပြ လုပ်နေကြလို့ မလိုလားအပ်တဲ့ ပြဿနာတွေ ခဏခဏ ဖြစ်တယ်။ သိပ်မကြာ လိုက်ပါဘူး ၊ တောင်ငူ ကင်တင်းကို ဝါးလုံးတိုင် တွေနှင့် ခြံခတ်လိုက်တာ တွေ့ရတယ်။ ကားတွေ ကင်တင်းအနား မကပ်နိုင်အောင် လို့တဲ့။
တောင်ငူ ကင်တင်းကို ရောက်လို့ ဝါးလုံးတိုင် လေးတွေကို မြင်တိုင်း ဆရာ ဦးမြင့်ခိုင်ကို သတိရ နေမှာ ဖြစ်ပါတယ်။

(ဆရာ…..ဒီဆောင်းပါးလေးနှင့်….နောက်ဆုံး…….ကန်တော့ခွင့်…......ပြုပါ။ ဆရာ…. ကောင်းရာ သုဂတိ…….. လားပါစေ။)

No comments: