၁၉၉၁-၁၉၉၄ ဘူမိဗေဒသူငယ်ချင်းများ၏ စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ၂၀၁၂ ဇန်န၀ါရီလကုန်တွင် ကျင်းပမည်။ ...........

Monday 11 February 2008

လက်ခုပ်ပဲ..တီးတော့မှာလား



အာသီသ

တနေ့က တရုတ်နှစ်ကူး ရုံးအားလို့ ဘာလုပ်ရမလဲ မသိ၊ စာဖတ် ချင်တာနှင့် မဖတ်ဖြစ်တာ ကြာပြီ ဖြစ်တဲ့ Reader Digest ကို ဝယ်ပြီး ဖတ်နေမိတယ်။ January Issue ပါ။ ဟိုလှန် ဒီလှန်နှင့် စိတ်ဝင်စားစရာ အကြောင်းအရာကို ရှာနေတုန်း Heroes ဆိုတဲ့ ခေါင်းစဉ်ကို တွေ့တော့ စိတ်ဝင်စား တာနှင့် ဖတ်ကြည့်မိတယ်။ ကိုယ်ကျိုးမငှဲ့ လူသားချင်း စာနာစိတ် ရှိရှိနှင့် သူတပါးကို ကူညီ ၊ သူတပါး အသက်ကို ကယ်တင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ ကူညီ ကယ်တင်ခဲ့ပုံ ဇါတ်လမ်းအကျဉ်း ၁၁ခုကို ဖေါ်ပြထားပြီး မိမိ ကြိုက်နှစ်သက်ရာ အကောင်းဆုံးကို The hero of the year အတွက် မဲပေးနိုင်ကြောင်း ဖေါ်ပြထားပါတယ်။ တော်တော် မဆီလျှော်တဲ့ အစီအစဉ် ပဲလို့ စိတ်ထဲ မှတ်ချက် ပေးနေမိပါတယ်။ ဘာပြုလို့လဲ ဆိုတော့ သူတို့ အားလုံးဟာ The heroes of the year ပဲ မဟုတ်ပါလား။ အမှန်တကယ်တော့ သူတို့တွေဟာ ပြိုင်ပွဲဝင်ဖို့ ရည်ရွယ်ပြီး သူတပါးကို ကူညီကယ်တင် ခဲ့တာမျိုးမဟုတ်၊ ခရီးသွားဟန်လွှဲ ဒုက္ခရောက်နေတဲ့ ဘေးအန္တရာယ် တွေ့နေတဲ့ သူတွေကို လူသားစိတ်ရှိရှိ အကျိုးမမျှော်ပဲ လုပ်သင့် လုပ်ထိုက်တာကို လုပ်ဆောင်ခဲ့ သူများသာ ဖြစ်ပါတယ်။ Reader Digest အနေနဲ့ ဂုဏ်ပြု ဖေါ်ပြတယ် ဆိုရင်လည်း အားလုံးကို သူကောင်း ပြုသင့်ပါတယ်။

မြန်မာပြည် မှာလည်း ဒါမျိုး အဖြစ်အပြစ်တွေ အများကြီး ရှိမှာပါ။ မှတ်တမ်း တင်မထား တာပဲ ဖြစ်ပါလိမ့်မယ်။ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ကျွန်တော် သိခဲတဲ့ သူရဲကောင်း တစ်ယောက် အကြောင်း ဖေါ်ပြ ပါရစေ။ အဲဒီတုန်းက အိမ်ထောင် ကျကာစ၊ ကလေးလည်း မရသေးတော့ အားလပ် ချိန်တွေမှာ ညနေတိုင်း တက္ကသိုလ် ရေကူးကန်မှာ ရေသွားသွား ကူးဖြစ်တယ်။ တစ်နေ့ ကျွန်တော်တို့ ရေကူးပြီး အင်းယား ကန်ဘောင်ပေါ် လမ်းလျှေက်ပြန်အလာ၊ လူတွေတန်းစီပြီး ကြည့်နေတော့ ဘာဖြစ်တာလဲ ဆိုပြီး ဝင်စပ်စုမိတယ်။ ဆယ်ကျော်သက် ချာတိတ် တစ်ယောက် Life Jacketနှင့် ကမ်းဆီ အသည်းအသန် ကူးလာနေတာ တွေ့ရတယ်။ သူနှင့် မလှမ်းမကမ်းမှာ နှစ်ယောက်စီး Canoeလို လှေတစ်စီးကို မှောက်လျှက်သား တွေ့ရပြီး၊ နောက်ရွယ်တူ ချာတိတ် တစ်ယောက်က လှေကို ဖက်တွယ်ထားတာ တွေ့ရတယ်။ ကမ်းဆီကူးလာနေတဲ့ ချာတိတ်ဟာ ရေလုံးဝ မကူးတတ်ဘူး၊ ပိုဆိုးတာက သူဝတ်ထားတဲ့ Life Jacketဟာ ပေါက်ပြဲနေပြီး ရေတွေ ဝင်နေတာကြောင့် သူ့ကို ရေထဲ ဆွဲချ နေသလို ဖြစ်နေ ပါတော့တယ်။ ကန်ဘောင်ပေါ်မှာ ကြည့်မယ့်သူသာ ပိုပိုများလာပြီး ကယ်မယ့်သူ တစ်ယောက်မှ မတွေ့ရသေး။ ဆောက်တည်ရာမရ ဖြစ်နေတဲ့ ချာတိတ်ဟာ ရှိသမျှ အင်အားနှင့် အသကုန် ကူးခတ်ရင်း ပါစပ်က ”ကျွန်တော့ကို ကယ်ပါ၊ ကျွန်တော်ရေမကူးတတ်ဘူး၊ ကျွန်တော် နှစ်တော့မယ်”လို့သာ အော်နေပါတယ်။ အမှန်တကယ်ဆို ကျွန်တော် ဆင်းကယ် ခဲ့သင့်ပါတယ်။ ကျွန်တော်ဟာ ရေကောင်းကောင်း ကူတတ်ပါတယ်၊ အလေ့အကျင့်လည်း ကောင်းကောင်း ရှိပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်ပါ ရောပြီး နှစ်သွားမှာ ကြောက်တဲ့ စိတ်က လွှမ်းမိုးနေလို့ ကျွန်တော် မဆင်းဖြစ်ခဲ့တာပါ။ အဲဒီ အကြောင်းကို ပြန်တွေးမိတိုင်း ရှက်နေမိပါတယ်။ နှစ်တော့မဲ့ဆဲဆဲ ချာတိတ်ကို အသားညိုညိုနှင့် လူတစ်ယေက်က တစ်ယောက်ထဲ ဆင်းကယ် သွားခဲ့ပါတယ်။ ကယ်တင်ရှင်ကြီးဟာ သူ့အလုပ်ပြီးတာနှင့် ဘာမှ မပြော၊ ရေစိုဝတ်နှင့်ပဲ ထွက်သွား ပါတော့တယ်။ ကျွန်တော် အပါဝင် ရပ်ကြည့်နေသူ အားလုံး လက်ခုပ်တီးပြီး ကျန်ရစ်ခဲ့ပါတယ်။ လှေကို တွယ်ဖက်ထားတဲ့ ချာတိတ်ကိုတော့ စက်တပ်လှေ တစ်စီးက လာကယ်သွားပါတယ်။ လမ်းတလျှောက် ကိုယ့်ကိုကိုယ် ဝေဖန်ရင်း ရှက်ရှက်နှင့် အိမ်ပြန် ခဲ့ပါတော့တယ်။ အကယ်၍ ချာတိတ်သာ ကယ်သူ မရှိလို့ ရေ နှစ်သွားခဲ့ရင် …………။


” အသားညိုညိုနှင့် ကယ်တင်ရှင်ဟာ ကျွန်တော့အတွက်တော့ The hero of my lifetime ပါပဲ။ ”



*****************

No comments: