၁၉၉၁-၁၉၉၄ ဘူမိဗေဒသူငယ်ချင်းများ၏ စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ၂၀၁၂ ဇန်န၀ါရီလကုန်တွင် ကျင်းပမည်။ ...........

Monday 11 February 2008

တစ်ခါက တို့ရဲ့ဘ၀တွေ

ကံကော်ဝတ်မှုံ

တစ်ခါက
နွေတစ်နွေရဲ့အေပရယ်မှာ
သင်္ကြန်ခါတွင်းကြီး
ကွင်းဆင်းခဲ့ဘူးတယ်။

တစ်ခါက
ယင်းမာပင်အလွန် ပြင်ညောင်အသွား
ရှမ်းရထားနဲ့
လှိုဏ်ခေါင်းများကို ဖြတ်ခဲ့ဘူးတယ်။

တစ်ခါက
လှိုဏ်ခေါင်းထဲကို ရထားအဖြတ်
ဦးထုပ်ကွယ်ပြီး
ပါးနဲ့နှာခေါင်းအပ်ကြတာကို တွေ့ခဲ့ဘူးတယ်။

တစ်ခါက
ပြင်ညောင်ချောင်းထဲမှာ
ဆပ်ပြာလုရင်း ရန်ဖြစ်ခဲ့ဘူးတယ်။


တစ်ခါက
ပြင်ညောင်အအေးဆိုင်မှာ
ရှောက်ဖျော်ရည်လေးခွက်ကို
တစ်ယောက်ထဲ မက်မက်စက်စက် သောက်ခဲ့ဘူးတယ်။

တစ်ခါက
ပြင်ညောင်စာသင်ကျောင်းထဲမှာ
ကင်းကိုက်လို့အော်တဲ့သူငယ်ချင်းကြောင့်
လန့်နိုးခဲ့ဘူးတယ်။

တစ်ခါက
ပြင်ညောင်စာသင်ကျောင်းထဲမှာ
စကားနိုင်လုရင်း
အချင်းချင်း စကားများခဲ့ဘူးတယ်။

တစ်ခါက
ရထားမမှီဘဲ ကျန်ခဲ့တဲ့သူငယ်ချင်းကို
ဆရာကရောက်ရင်လာသတင်းပို့လို့
ချောက်ချခဲ့ဘူးတယ်။

တစ်ခါက
မှုံမှုံမှိုင်းမှိုင်းနဲ့
ရှမ်းတောင်တန်းကြီးတွေကိုငေးကြည့်ရင်း
ကိုယ့်ကိုမချစ်ခဲ့သူကို သတိရခဲဘူးတယ်။

တစ်ခါက
သင်္ကြန်တွင်းကြီး
ကွင်းထဲမှာ
ရေလောင်းခံခဲ့ရဘူးတယ်။

တစ်ခါက
ပြင်ညောင်ကနေ ယင်းမာပင်ထိ
ရထားလမ်းအတိုင်း
လျှောက်သွားခဲ့ဘူးတယ်။

တစ်ခါက
ကျောက်ပန်းအိုးတံတားပေါ်မှာ
ရထားလာလို့
တံတားတိုင်တွေပေါ် ခုန်ချပြီး ထိုင်နေခဲ့ရဘူးတယ်။

တစ်ခါက
တောဝက်သားစားပြီး
ကွင်းထဲမှာ
ဝမ်းသွားခဲ့ဘူးတယ်။

တစ်ခါက
ရည်းစားဓါးမြဂူမှာ
ကျောက်စက်ပန်းဆွဲကို
ခေါင်းနဲ့တိုက်ခဲ့တဲ့သူကို မြင်ခဲ့ဘူးတယ်။

တစ်ခါက
မြင်းဒိုက်က စာသင်ကျောင်းမှာ
မြွေ မြွေ လို့ စတဲ့သူငယ်ချင်းကြောင့်
ခုံပေါ်မှာ ငုတ်တုတ်ထိုင်ခဲ့ဘူးတယ်။

တစ်ခါက
ဗဒင်ရဲ့သီချင်းတွေနဲ့
မြင်းဒိုက်ရဲ့ညတွေကို
ဖြတ်သန်းခဲ့ဘူးတယ်။

တစ်ခါက
“ကိုယ်အမြတ်နိုးတန်ဖိုးထားခဲ့တဲ့ အရာတစ်ခုဟာ
ကိုယ်အရွံရှာ အမုန်းတီးဆုံး လူတစ်ယောက်ဆီမှာ
ရှိမနေသင့်တာ ကြာပြီ” ဆိုတဲ့
တစ်စုံတစ်ယောက်က
တစ်စုံတစ်ယောက်ကို တစ်စုံတစ်ခု ပြန်တောင်းခဲ့တဲ့စာကို
မီးပုံထဲက လုပြီးဖတ်ခဲ့ရဘူးတယ်။

တစ်ခါက
ကလောက သူငယ်ချင်းအိမ်မှာ
သိပ်ကြိုက်တဲ့ အုန်းနို့ခေါက်ဆွဲကို (၃)ပန်းကန် စားခဲ့ဘူးတယ်။

တစ်ခါက
ကလောကသူငယ်ချင်းအမေ ထည့်ပေးလိုက်တဲ့
ကွင်းလိမ္မော်ဖျော်ရည်ပါတဲ့ ရေဘူးကို
သယ်ပေးမယ်ဆိုပြီး အပိုင်ဆီး ခံလိုက်ရခဲ့ဘူးတယ်။

တစ်ခါက
မြင်းဒိုက်မှာနေတုန်း
ကလောဈေးမှာ အသားဝယ်မရလို့ ဆိုပြီး
အစိမ်းကြော်နဲ့ နေ့တိုင်းနီးပါစားခဲ့ရဘူးတယ်။

တစ်ခါက
ကလောဈေးထဲမှာ အသားဆိုင်တွေရှေ့ရောက်တော့
အသားတွေ ချိတ်ထားတာမြင်ပြီး
ဝယ်မရတဲ့ အသားတွေကို
အံ့သြတကြီး ကြည့်ခဲ့ဘူးတယ်။

တစ်ခါက
မှိုင်းလုံးတောင်ထိပ်က
တိမ်တောင်တိမ်လိပ်တွေကို
နှလုံးသားတောင်ထိပ်က အလွမ်းမိုးရိပ်တွေအဖြစ်နဲ့
(မောင်စိန်ဝင်းစာအုပ်အမည်)
ခံစားကြည့်ခဲ့ဘူးတယ်။

တစ်ခါက
ဆင်တောင်ထိပ်ကို အောင်အောင်မြင်မြင်တက်ရောက်ခဲ့ဘူးတယ်၊
ကိုယ်စားထည့်လိုက်တဲ့ ခွေးကလေးကို
တောင်ထိပ်မှာ ရေတိုက်ခဲ့ဘူးတယ်။

တစ်ခါက
ပင်းတယကိုသွားလည်ဖို့ ပိုက်ဆံထည့်ရမယ်ဆိုတော့
ထည့်ရရင် မလိုက်ဘူးလို့ဆိုပြီး ဆန္ဒပြခဲ့ဘူးတယ်။

တစ်ခါက
ဒိုင်နိုဆောခြေရာ (သို့) စင်္ကြာမင်းခြေရာဆိုတဲ့
ကေအာဘီ ထဲက ကျောက်ခွက်ကြီးကို
တွေ့ခဲ့ဘူးတယ်။

တစ်ခါက
ဆိုင်းယင့်ကန်တင်း(န်)မှာထိုင်ရင်း
အင်းယားသူပြုစားလို့
သံပုရာရည်နဲ့ လက်ဖက်ရည်ကို တစ်ပြိုင်ထဲသောက်ပြီး
ခွက်မှောက်တဲ့သူကို မြင်ခဲ့ဘူးတယ်။

တစ်ခါက
စစ်ကိုင်းလမ်းမှာ
အင်းယားသူတွေအပြန်ကို စောင့်တဲ့
သူငယ်ချင်းကို အဖေါ်အဖြစ် လိုက်ပေးခဲ့ဘူးတယ်။

တစ်ခါက
အင်းယားဆောင်နောက်ဖေးပေါက်ကနေ
ပါလာကို အဖေါ်လိုက်သွားခဲ့ဘူးတယ်။

တစ်ခါက
စစ်ကိုင်းလမ်းပေါ်မှာ
“သွားတွေ့လိုက်ပါ၊ စောင့်နေရတာသနားပါတယ်” ဆိုတဲ့
ကာရံမညီတဲ့ စကားကို
အနီးကပ်ကြားခဲ့ရဘူးတယ်။

တစ်ခါက
ကံကော်တွေကို
လွမ်းခဲ့တယ်၊
အခုလည်း လွမ်းနေဆဲ
လွမ်းနေမြဲပါ ………………………

ဒီစာလေးကို ဖတ်ပြီး တစ်ခါက တို့တွေ ဖြတ်သန်းခဲ့ရတဲ့ အတိတ်က အရိပ်ခြေရာလေးတွေ ကို သူငယ်ချင်းတို့ ပြန်ပြီး အမှတ်ရ လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ မည်သူ့ကိုမှ နစ်နာ စေလိုတဲ့ ရည်ရွယ်ချက် အလျှင်းမရှိပါ၊ တကယ်လို့များ တစ်စုံတစ်ယောက် (နှစ်စုံနှစ်ယောက်) ကို နစ်နာစေခဲ့မယ်ဆိုရင်တော့ ခွင့်လွတ်ပါလို့ဘဲ ပြောပါရစေတော့။ တကယ်တော့ ကိုယ်တို့ဖြတ်လျှောက်ခဲ့တဲ့ အဲဒီအချိန်ကာလကလေးဟာ အခုပြန်ကြည့်ရင် ဆယ်စုနှစ်တစ်နှစ်ကို ဖြတ်ကျော်ခဲ့ပေမယ့် ကိုယ့်စိတ်ထဲမှာတော့ မနေ့တနေ့ကလိုပါဘဲ….။
အားလုံးကို သတိရလျှက်……
ကံကော်ဝတ်မှုံ

No comments: